Pages

Monday, July 28, 2014

အာဟာရပြည့်ဝ ဒေသဖွံ့ဖြိုး


အာဟာရပြည့်ဝ ဒေသဖွံ့ဖြိုး

နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခု ဖွံ့ဖြိုး တိုးတက်ရေး အတွက် လူသား အရင်းအမြစ် သည် အရေးပါသည်။ အာဟာရ ပြည့်ဝခြင်းသည် လူတို့၏ ခန္ဓာကိုယ် ကြီးထွားရေး၊ ဉာဏ်ရည် ဖွံ့ဖြိုးရေး နှင့်ကျန်းမာ ကြံ့ခိုင်ရေး တို့အတွက် အခြေခံ လိုအပ်ချက် တစ်ရပ် ဖြစ်သည်။ နိုင်ငံသားများ အာဟာရ ပြည့်ဝကျန်းမာ ခြင်းသည် နိုင်ငံတော်၏ စီးပွားရေး နှင့် ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး တို့အတွက် အခြေခံ အုတ်မြစ် ဖြစ်သည်။

နိုင်ငံသားများ အာဟာရ ပြည့်ဝမှသာ နိုင်ငံတော်ကို တိုးတက်အောင် ဆောင်ရွက် နိုင်မည် ဖြစ်သည်။ ထို့အတူ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မှ နိုင်ငံသား များ၏ အာဟာရ အခြေအနေ လည်းဖွံ့ဖြိုး လာနိုင်သည်။ ထို့ကြောင့် နိုင်ငံ တစ်နိုင်ငံ၏ ဖွံ့ဖြိုးမှု အခြေအနေကို တိုင်းတာရာတွင် ပြည်သူတို့၏ အာဟာရ အခြေအနေကို ဖော်ပြသည့် ညွှန်းကိန်း များဖြင့် တိုင်းတာ ဖော်ပြ ကြသည်။

ကမ္ဘာပေါ်တွင် အာဟာရ ပြဿနာ နှင့် ကင်းသော နိုင်ငံဟူ၍ မရှိပေ။ မဖွံ့ဖြိုးသော နိုင်ငံများ အနေဖြင့် အာဟာရ ချို့တဲ့မှုကို ကြိုးစား တိုက်ဖျက် နေရ သကဲ့သို့ ဖွံ့ဖြိုးပြီး နိုင်ငံတို့တွင် တဖြည်းဖြည်း တိုးမြင့် လာသော အာဟာရ လွန်ကဲမှုနှင့် နှီးနွှယ် နေသည့် ဆီးချို၊ သွေးတိုး၊ နှလုံး သွေးကြောကျဉ်း၊ ကင်ဆာ စသည့် ရောဂါများဖြစ် ပွားလာမှုကို ရင်ဆိုင် နေကြ ရသည်။

အာဟာရ ပြည့်ဝမျှတ စေရန် အစားအစာ လုံလောက် မျှတစွာ စားသုံးရန် လိုအပ်သည်။ အစားအစာ ပြည့်ဝ မျှတစွာ စားသုံးနိုင်ရန် အိမ်ထောင်စု တွင် အစားအစာ ပြည့်စုံဖူလုံ ရန်နှင့် အာဟာရ အသိပညာ ရှိစွာ စားသုံးတတ်ရန် လိုအပ်သည်။ မြန်မာနိုင်ငံသည် အစားအစာ ဖူလုံသည့် နိုင်ငံ ဖြစ်သည်။ သို့သော် အာဟာရ ဗဟုသုတ နှင့် အစားအစာ စားသုံးမှု အလေ့အထတွင် အားနည်းမှုများ ရှိနေဆဲ ဖြစ်သည်။

ထို့ကြောင့် ၁၉၉၄ ခုနှစ်မှ စတင်၍ အာဟာရ နှင့် နှီးနွှယ်နေသော ဝန်ကြီးဌာနများ ပူးပေါင်းကာ မြန်မာနိုင်ငံ အစားအစာနှင့် အာဟာရ အစီအစဉ်ကို ငါးနှစ်တစ်ကြိမ် ရေးဆွဲ အကောင် အထည်ဖော် လျက် ရှိသည်။ ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားမှု အတိုင်း ကျန်းမာရေး ဦးစီးဌာန အောက်ရှိ အမျိုးသား အာဟာရ ဖွံ့ဖြိုးရေး နှင့် သုတေသန ဌာနသည် အာဟာရ ချို့တဲ့မှု ပြဿနာ ငါးမျိုးကို ဖြေရှင်းနိုင်ရန် ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ ဆောင်ရွက် ရာတွင် ပရိုတင်း အင်အားချို့တဲ့ ရောဂါ ကာကွယ်ရေး လုပ်ငန်း၊ သွေးအားနည်း ရောဂါ ကာကွယ်ရေး လုပ်ငန်း၊ အိုင်အိုဒင်း ချို့တဲ့မှု ပပျောက်ရေး လုပ်ငန်း၊ ဗီတာမင်အေ ချို့တဲ့ မှု ပပျောက်ရေး လုပ်ငန်း၊ သူငယ်နာ ဘယ်ရီ ဘယ်ရီရောဂါ ကာကွယ်ရေး လုပ်ငန်းတို့ကို လုပ်ငန်းစဉ် များချမှတ် ဆောင်ရွက်လျက် ရှိနေသည်။

ယနေ့ ခေတ်ကာလတွင် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး အတွက် နိုင်ငံသားများ အာဟာရ ဖွံ့ဖြိုးရေးသည် အရေးပါလျက် ရှိပြီး အာဟာရ ချို့တဲ့မှု၊ လွန်ကဲမှု များကို တားဆီး ကာကွယ်ရန်၊ နိုင်ငံသားတိုင်း အာဟာရ မျှတဖွံ့ဖြိုး စေရန်အတွက် ကျန်းမာရေး ဝန်ကြီးဌာနက စီမံချက်ချ ဖော်ဆောင်လျက် ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အာဟာရနှင့် နှီးနွှယ်နေသော ဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာ အစိုးရအဖွဲ့များ၊ ကုလသမဂ္ဂ နှင့် လူမှုရေး အဖွဲ့အစည်းများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ နှင့် ပြည်သူလူထု တစ်ရပ်လုံး က စုပေါင်းပါဝင် ဆောင်ရွက်မှသာ မြန်မာ နိုင်ငံသားတိုင်း အာဟာရ ပြည့်ဝကာ ဒေသဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို ပိုမို စွမ်းဆောင်နိုင်ပြီး ဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်သစ်ကို ဖော်ဆောင် နိုင်မည် ဖြစ်ကြောင်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment