Pages

Friday, July 4, 2014

မန္တလေးမြို့ အချို့နေရာများတွင် ရုန်းရင်းဆန်ခတ်မှုများ ထပ်မံဖြစ်ပွား


နေပြည်တော် ၊ ၄-၇-၂၀၁၄

ဇူလိုင်လ ၁ ရက်မှ စတင်၍ မန္တလေးတိုင်း ဒေသကြီး ၊ ချမ်းအေးသာစံ မြို့နယ်တွင် လူစုလူဝေးဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုကြောင့် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ လုံခြုံရေး နှင့် နယ်စပ်ရေးရာ ၀န်ကြီးနှင့် လုံခြုံရေး ပူးပေါင်း အဖွဲ့များဖြင့် ထိန်းသိမ်း ကြပ်မတ် ဆောင်ရွက် ခဲ့သော်လည်း ဇူလိုင်လ ၂ ရက်နှင့် ၃ ရက်တို့တွင် မန္တလေးမြို့ အချို့ နေရာများ၌ ထပ်မံ ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်များမှာ မန္တလေးတိုင်း ဒေသကြီး မဟာအောင်မြေ နှင့် ချမ်းအေးသာစံ မြို့နယ် အတွင်း ဇူလိုင်လ ၂ ရက် ည ၁၁ နာရီတွင် ၃၅ လမ်း ၊ ၇၄x၇၅ လမ်းကြား တွင် လည်းကောင်း ၊ ည ၁၁ နာရီခွဲတွင် ၂၆ လမ်း ၊ ၈၉ x ၉၀ အကြားတွင် လည်းကောင်း ၊ ည ၁၁ နာရီ ၄၅ မိနစ်တွင် ၂၆ x ၂၇ ၊ ၇၆ x ၇၇ လမ်းကြားတွင် လည်းကောင်း ၃ ကြိမ်ဖြစ်ပွား ခဲ့ပြီး ဇူလိုင်လ ၃ ရက် နံနက် သန်းခေါင်ကျော် မိနစ် ၂၀ တွင် ၈၃ လမ်း ၊ ၃၃ x ၃၄ လမ်းကြားတွင် လည်းကောင်း ၊ သန်းခေါင်ကျော် မိနစ် ၃၀ တွင် ၃၄ လမ်း ၊ ၇၇ x ၇၈ လမ်းကြားတွင် လည်းကောင်း ၊ နံနက် ၁ နာရီ မိနစ် ၄၀ တွင် ဒေးဝန်းရပ်ကွက် ဆိုင်ခန်းများ တွင် လည်းကောင်း ၊ နံနက် ၄ နာရီ ၁၀ မိနစ်တွင် ၂၉ လမ်းနှင့် ၈၃ လမ်းထောင့် တွင် လည်းကောင်း ၊ ၄ နာရီ ၄၅ မိနစ်တွင် ၃၅ လမ်း နှင့် ၈၇ လမ်းထောင့် ရှိ လက်ဖက်ရည် ဆိုင်တွင် လည်းကောင်း ၅ ကြိမ် ဖြစ်ပွား ခဲ့သဖြင့် လူစုလူဝေးဖြင့် ရုန်းရင်း ဆန်ခတ်မှု စုစုပေါင်း ၈ ကြိမ် ဖြစ်ပွား ခဲ့သည်။

ဖြစ်စဉ်များတွင် ဆူပူ အကြမ်းဖက် လိုသူများက စတိုင်းဆိုင် ၊ အထည်ဆိုင် ၊ ကုန်စုံဆိုင် စသည်တို့၏ တံခါးများကို ရိုက်ချိုး ဖျက်ဆီးခြင်း ၊ ပလတ်စတစ် လုံးများလုံး၍ မီးရှို့ခြင်း တို့ ပြုလုပ်ခဲ့ သဖြင့် လုံခြုံရေး ပူးပေါင်း အဖွဲ့က မီးသတ်ယာဉ် များဖြင့် ၀ိုင်းဝန်း ငြှိမ်းသတ် ခဲ့ရသည်။ ရုန်းရင်း ဆန်ခတ်မှု များနှင့် အကြမ်းဖက် လုပ်ဆောင်မှု များကြောင့် နယ်မြေ လုံခြုံရေး အတွက် မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့က လုံခြုံရေး အဖွဲ့များ ဖြန့်ခွဲ၍ လုံခြုံရေး ဆောင်ရွက်ပြီး ပူးပေါင်း အဖွဲ့များဖြင့် ထိန်းသိမ်း ပေးလျက် ရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ် များကြောင့် သေဆုံးသူ ၂ ဦး ၊ ဒဏ်ရာ ရရှိသူ ၁၄ ဦး ၊ ဖမ်းဆီး ရမိသူ ၄ ဦး ရှိကြောင်း နှင့် ပြဿနာများ ထပ်မံ မဖြစ်ပွား စေရေး အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များ နှင့် အထောက် အကူပြု အဖွဲ့များက ထိန်းသိမ်း စောင့်ကြည့်လျက် ရှိကြောင်း ၊ ဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှု ကျူးလွန်သူ များအား သက်ဆိုင်ရာ မြို့မရဲစခန်း များတွင် အမှုဖွင့်လှစ်၍ တရားခံများ ဖမ်းဆီး ရမိရေး စုံစမ်း ဖော်ထုတ်လျက် ရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန မှ သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment