Pages

Tuesday, July 8, 2014

အနုပ်မက်၍ အခွက်မပျက်စေရန် ဥပဒေစည်းကမ်းများကို လိုက်နာ


အနုပ်မက်၍ အခွက်မပျက်စေရန် ဥပဒေစည်းကမ်းများကို လိုက်နာ

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရသည် နိုင်ငံတကာ နှင့် ဆက်ဆံရေး ကဏ္ဍ ပိုမို တိုးတက်အောင် ဆောင်ရွက်လျက် ရှိရာ ဖွံ့ဖြိုးရေး အတွက် အစိုးရ အချင်းချင်း ဆက်သွယ်ရေး နှင့် နှစ်နိုင်ငံ ပြည်သူ အချင်းချင်း ဆက်သွယ် ဆောင်ရွက်ရေး တို့တွင် အောင်မြင်မှုများ ရရှိနေပြီ ဖြစ်သည်။

နှစ်နိုင်ငံ ပြည်သူ အချင်းချင်း ဆက်သွယ် ဆောင်ရွက် ကြရာတွင် ကုန်ထုတ် လုပ်ငန်းများ နှင့် ဝန်ဆောင်မှု လုပ်ငန်းများ ကဏ္ဍအလိုက် ပူးပေါင်း ဆောင်ရွက်လျက် ရှိရာ နိုင်ငံတကာမှ အရင်းအနှီး နှင့် နည်းပညာ အထောက် အပံ့များ၊ လူမှုရေး ကဏ္ဍအတွက် အထောက်အပံ့ များ ပေးအပ် နေကြသည်။ မြန်မာနိုင်ငံ နှင့် အမေရိကန် ပြည်ထောင်စု တို့၏ ဆက်ဆံရေး ပိုမို ကောင်းမွန် လာခဲ့ရာ အမေရိကန် ပြည်ထောင်စု တွင် အခြေစိုက်သော INGO အဖွဲ့အစည်း WIN-ROCK နှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ ၌ ငါးမွေးမြူရေး လုပ်ငန်း ငါးနှစ်စီမံကိန်း ဖြင့် အကောင် အထည်ဖော် သွားမည် ဖြစ်သည်။

ငါးမွေးမြူရေး လုပ်ငန်း ငါးနှစ် စီမံကိန်းကို ဧရာဝတီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး နှင့် ရှမ်းပြည်နယ် တို့ရှိ မွေးမြူရေး လုပ်ငန်းရှင် များအား ပြည်ပမှ မွေးမြူရေး ကျွမ်းကျင်သူ များက လာရောက် သင်ကြား ပေးမည်ဖြစ်ပြီး ပြည်တွင်း မွေးမြူရေး လုပ်ကိုင်သူ များ အနေဖြင့် တစ်ဦးမှ တစ်ဦးထံသို့ နည်းပညာ ဆင့်ပွား သင်ယူသည့် နည်းလမ်းဖြင့် ဆောင်ရွက် ကြရမည် ဖြစ်သည်။

မြန်မာနိုင်ငံ သည် သဘာဝ အရင်းအမြစ် များကို ပိုင်ဆိုင် ထားသည့် အားလျော်စွာ သဘာဝ အရင်းအမြစ် များအပေါ် အမှီပြု၍ ပြည်သူတို့၏ စီးပွားရေး နှင့် လူမှုရေး ဖွံ့ဖြိုး တိုးတက်မှုကို ကြိုးပမ်း ဆောင်ရွက်လျက် ရှိရာ ရိက္ခာ ဖူလုံရေး အတွက် ရေ သယံဇာတ များ ဖွံ့ဖြိုးရေး သည်လည်း လိုအပ်ချက် တစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံ တွင် သဘာဝ အလျောက် ငါးဖမ်းယူ ရရှိနိုင်သည့် မြစ်၊ချောင်းများ ရှိသည့်အပြင် ပင်လယ် ကမ်းရိုးတန်း ဒေသများ ၌ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း လုပ်ငန်းများ ကိုလည်း ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက် နိုင်သဖြင့် ငါးနှင့်ပုစွန် မွေးမြူ ထုတ်လုပ်ရေး လုပ်ငန်းများ ကို စီးပွားဖြစ် လုပ်ကိုင် နေကြသည်။ ယခုအချိန် မိုးရွာသွန်းမှု များသော ကာလတွင် မြစ်၊ချောင်း၊ အင်းအိုင် အနှံ့အပြားရှိ ငါးရစ်တက် ငါးများကို ဖမ်းဆီး လိုက်ပါက သန်းပေါင်း များစွာသော ငါးသားပေါက်များ ဆုံးရှုံးကာ ရေရှည်တွင် ငါးမျိုးများ ပြုန်းတီး သွားစေ နိုင်သဖြင့် ငါးရစ်တက် ငါးများ ဖမ်းဆီးခြင်းမှ ရှောင်ကြဉ် ကြရမည်။

မြန်မာမှု နယ်ပယ်တွင် အနုပ်မက်၍ အခွက်ပျက် ရသည်ဟူ၍ ဆိုရိုးစကား ရှိသည်။ ခွက်ပုံ သဏ္ဌာန် ပြုလုပ် ထားသော ငွေခဲကို တစ်ပဲတန်၊ တစ်မူးတန် ငွေစများ ဖြစ်အောင် အပိုင်းပိုင်း ဖြတ်လိုက်သူသည် အကြွေ အနုပ် ကို မက်မောသဖြင့် ငွေခွက်ကြီး တစ်ခုလုံး ဆုံးရှုံး ရသကဲ့သို့ အနည်းငယ်သော အကျိုးကို ခုံမင် တွယ်တာ မိသဖြင့် များစွာသော အကျိုး ဆုံးရှုံးရတတ် သည်ကို ဆင်ခြင် ကြရမည် ဖြစ်သည်။

ယနေ့ နိုင်ငံတော်တွင် ရေသယံဇာတ များမှ ရိက္ခာ ထုတ်လုပ်ရေးကို ပြည်ပ အကူအညီ ရယူသော နည်းလမ်း နှင့် ပြည်တွင်း အင်အား အသုံးပြုသော နည်းလမ်းတို့ဖြင့် ဆောင်ရွက်လျက် ရှိရာ ငါး၊ ပုစွန် မွေးမြူရေး လုပ်ငန်းများ အောင်မြင်ရေး အတွက် အနုပ်မက်၍ အခွက်မပျက် စေရန် ပြည်သူတို့က ရေလုပ်ငန်း ဥပဒေ၊ စည်းကမ်း များကို တိကျစွာ လိုက်နာ ကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

No comments:

Post a Comment