Pages

Saturday, July 5, 2014

ခါးနာရောဂါ ရေသောက်ပါ


ခါးနာရောဂါ ရေသောက်ပါ

ကြည်မြင့်လွင် (မုဒြာ)

ခါးနာရောဂါ ဟူသည် ဒဏ်ကြောင့် ခေတ္တခဏ ဖြစ်သော ခါးနာရောဂါ နှင့် ခါးဆိုင်ကြော အတွင်း အပူခဲခြင်းကြောင့် ဖြစ်သော နှစ်ကြာ ခါးနာရောဂါ ဟူ၍ နှစ်မျိုး ရှိသည်။ ခေတ်မီ ဓာတ်မှန်များ ပေါ်ပေါက်လာ သောအခါ ခါးရိုးဆစ် များတွင် ကျီးပေါင်း တက်ခြင်းကို တွေ့လာရ သဖြင့် ကျီးပေါင်းတက် ခါးနာဟူ၍လည်း နောက်တစ်မျိုး တိုး၍ မှတ်သားရန် လိုသည်။

ကျီးပေါင်းတက် ခြင်းကြောင့် ဖြစ်သော ခါးနာသည်လည်း အရိုးပွ ရာမှတစ်ဆင့် အသက်ကြီး လာသောအခါ သစ်ပင်အပွေး တက်လာ သကဲ့သို့ အရိုးအဆစ်များ ထူပြီး ပုံသဏ္ဌာန် မမှန်ဖြစ်လာရာမှ စသည့် အဆစ်များ ခိုင်မာ တောင့်တင်းပြီး အဆစ်များ ကြားတွင် အပူခဲရာမှ စတင်ဖြစ်သော ခါးနာမျိုး ဖြစ်ပြီး ကြာလေ ရောဂါရင့်လေ ဖြစ်သော နာတာရှည် ခါးနာမျိုးပင် ဖြစ်သည်။

ခါးနာသူများကို ကြည့်လျှင် အထိုင်များသော အလုပ်ကို နှစ်ရှည် လုပ်ခဲ့သူများ ဖြစ်သည်ကို တွေ့ရသည်။ များသော အားဖြင့် စာရေးစာချီများ၊ ရုံးဝန်ထမ်းများ နှင့် စာရင်းဇယား နှင့်ဆိုင်သော အလုပ် လုပ်ကိုင် ရသူများတွင် ဖြစ်လေ့ ရှိသည်။ ထိုသူများသည် အလုပ်လုပ် ရာတွင် တစ်ကြိမ်လျှင် နှစ်နာရီထက် ပိုပြီး ထိုင်ကြ ရသူများ ဖြစ်သည်။ တစ်နေ့လျှင် ထိုင်ချိန် ရှစ်နာရီထက် ပိုကြာသူများမှာ ခါးနာရောဂါ စွဲနေသည် ကို တွေ့ရသည်။

အချို့သော ခါးနာ ဝေဒနာရှင်များကို မေးမြန်း ကြည့်လျှင် တစ်နေကုန် ထိုင်နေပြီး တစ်ကြိမ်၊ နှစ်ကြိမ်ပင် ထ၍ ဆီးမသွားဘဲ အောင့်ထားပြီး နေတတ် သူများဖြစ်သည် ကိုတွေ့ရသည်။ ထိုသူများ အလုပ်လုပ် နေရာတွင် ဆီးသွားရန် အိမ်သာ အခက်အခဲ တစ်စုံတစ်ရာ ကြောင့် မသွားကြ သူများ ဖြစ်ကြသည်။ အချို့မှာလည်း ရှက်တတ်သဖြင့် အပေါ့မသွားဘဲ နေသည်ကို တွေ့ရသည်။ မိတ်ဆွေ တစ်ဦးမှာ ဈေးအိမ်သာ သွားလျှင် တစ်ကြိမ်လျှင် ငွေကျပ် ၁ဝဝ ပေးရသဖြင့် အကြိမ်ကြိမ် မသွားဘဲ အောင့်ထား သည်ဟု ပြောသဖြင့် ကျန်းမာရေး နှင့် ငွေကျပ် ၁ဝဝ ကို မလဲသင့်ကြောင်း ပြောပြရသည်။

ခါးနာသူ တစ်ဦးကို Ultrasound ခေါ် အသံလှိုင်း ဓာတ်မှန်ဖြင့် စစ်ဆေး ကြည့်သောအခါ ကျောက်ကပ်တွင် ကျောက်တည် နေသည်ကို တွေ့ရသည်။ ထိုကျောက်ကို ကျောက်ကြေ ဆေးများစားပြီး ကုသရာ ကျောက်ကျ သွားပြီးနောက်မှ ခါးနာသက်သာ သွားသည်ကို တွေ့ရ သည်။ ထို ကျောက်တည်သော သူသည် အလွန် ရေသောက် နည်းသူ ဖြစ်သည်ဟု သိရသည်။ ကျောက်ကပ်တွင် အနည်ထိုင် များလျှင် ကျောက်တည် ရောဂါ ဖြစ်နိုင်ခြေ ရှိသည်။ ကျောက်ကပ်တွင် ရေစစ်သော ဆန်ခါ(ဇကာ) များရှိသည်။ ထို ဆန်ခါများ ပေါ်တွင် အနည်မထိုင် စေရန် မပိတ်ဆို့စေရန် ရေများများ သောက်ပေး ခြင်းသည် အကောင်း ဆုံးသော နည်းလမ်း ဖြစ်သည်။

တွင်းရေ၊ ကန်ရေများတွင် ထုံးဓာတ် ပါဝင်သဖြင့် ကျောက်ကပ် ကျောက်တည်ပြီး ခါးနာရောဂါ ဖြစ်ရသူများလည်း ရှိသည်။ ရေသန့်ဘူးများ ဝယ်မသောက် နိုင်သည့်တိုင် ရေကို ကြိုချက်ပြီး ရေကျက်အေး ပြုလုပ်ကာ အအေးခံပြီး သောက်လျှင် ကျောက်ကပ်တွင် ထုံးကျောက် အနည်ထိုင်ခြင်းကို ကာကွယ် နိုင်ပေသည်။

နံနက်အိပ်ရာ ထချိန်တွင် (သွားမတိုက်၊ မျက်နှာ မသစ်မီ) ရေအဝ သောက်ခြင်းသည် ခါးနာရောဂါ မှန်သမျှကို ပျောက်ကင်း စေနိုင်သည် ဟု ဆိုသည်။ သောက်ရေသန့် ပုလင်းကြီး တစ်ပုလင်းခွဲ နှင့်ညီမျှသော ရေကို နံနက်အိပ်ရာ စောစောထပြီး သောက်ရန် လိုသည်။ ချက်ချင်း အကုန် မသောက်နိုင် လျှင်လည်း ဖြည်းဖြည်းချင်း နားပြီး နာရီဝက်ခန့် အတွင်း ကုန်အောင် သောက်လျှင် ဖြစ်နိုင်သည်။

ရေသောက်ခြင်း သည် ငွေကုန်ကြေးကျ မများဘဲ ခါးနာရောဂါ၊ ခါးကိုက်ရောဂါ၊ ခါးအပူခဲ ရောဂါ၊ ခါးတွင် ကျောက်တည်ပြီး ကျောက်ကပ် ပိတ်ဆို့သော ရောဂါ၊ ခါးဆိုင်ကြော တောင့်တင်းသော ရောဂါ ဝေဒနာများကို  ပျောက်ကင်း စေနိုင်ကြောင်း အသိပေး တင်ပြလိုက်ရ ပေသည်။ 

#Yadanarpondaily

No comments:

Post a Comment