Pages

Monday, July 14, 2014

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဟန်လင်းပျူမြို့ဟောင်းတွင် ဒေသဖွံ့ဖြိုးအတွက် လိုအပ်ချက် များစွာရှိနေ



ဝက်လက် ၊ ၁၄-၇-၂၀၁၄

ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် အဖြစ် အတည်ပြု သတ်မှတ်ခြင်း ခံရသည့် စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ရှိ ဟန်လင်း ပျူမြို့ဟောင်း သည် ပြည်တွင်း ပြည်ပမှ စိတ်ဝင်စားမှု ခံရသည့် ထင်ရှားသော
ဒေသ ဖြစ်သော်လည်း ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ ဒေသ ဖွံ့ဖြိုးရေး အတွက် လိုအပ်ချက် များ ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

ဟန်လင်း စံပြကျေးရွာ ၏ ကျန်းမာရေး ဌာနခွဲ နယ်မြေ အတွင်းတွင် ဟန်လင်း၊ စခန်းသာ၊ လယ်ကိုင်း၊ ဇောင်ချမ်းကုန်း စသည့် ကျေးရွာများ တည်ရှိရာ အိမ်ခြေပေါင်း ၁၅၅၃ လုံး၊ လူဦးရေ စုစုပေါင်း ၆၈၆၉ ဦး ရှိသော်လည်း ကျန်းမာရေး အရ ကျေးလက် ကျန်းမာရေး ဌာနခွဲ တစ်ခု နှင့် ဘက်စုံ သားဖွား ဆရာမ တစ်ဦးသာ ရှိကြောင်း၊ ပညာရေး အားဖြင့် အခြေခံပညာ အထက်တန်း ကျောင်းခွဲ အဖြစ် ယခုနှစ်မှ သာ စတင်တိုးမြှင့် ပေးခြင်းဖြစ်ပြီး လျှပ်စစ်မီး လည်း မရရှိ သေးကြောင်း၊ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှု၊ သောက်သုံးရေ ရှားပါးမှုများ နှင့် ရင်ဆိုင် နေကြရဆဲ ဖြစ်ကြောင်း သိရသည်။

ဗိဿနိုး၊ သရေခေတ္တရာ ပျူမြို့ ဟောင်းတို့ နှင့်အတူ ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် စာရင်းဝင် အဖြစ် သတ်မှတ် ခံရသည့် ဟန်လင်း ပျူရှေးဟောင်း ဒေသရှိ ဟန်လင်းစံပြ ကျေးရွာသည် စံပြ ကျေးရွာကြီး ဟု ဆိုသော်လည်း ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ သန့်ရှင်းသော သောက်သုံးရေ ရရှိရေး၊ လျှပ်စစ်မီး ရရှိရေး စသည့် ဒေသ လိုအပ်ချက် များ ရှိနေဆဲ ဖြစ်ကြောင်း၊ မကြာသော ကာလတွင် ပြည်တွင်း ပြည်ပမှ ဧည့်သည်များ လာရောက် လေ့လာ လည်ပတ် ကြမည်ဖြစ်၍ သက်ဆိုင်ရာမှ ဒေသ ဖွံ့ဖြိုးရေး ကို အမြန်ဆုံး ဖြည့်ဆည်း ပြင်ဆင် ပေးထား သင့်ကြောင်း ဟန်လင်း ပျူရှေးဟောင်း ဒေသ သို့ လာရောက် လည်ပတ် လေ့လာသူ တစ်ဦး က ပြောပြသည်။

ဟန်လင်းစံပြ ကျေးရွာ သည် အိမ် ခြေ ၁၂၈၅လုံး၊ လူဦးရေ ၅၆၄၃ ဦး နှင့် ရပ်ကွက် ၁၆ ရပ်ကွက် ရှိသော်လည်း ဖွံ့ဖြိုးမှု နည်းပါး နေသေးကြောင်း၊ ဟန်လင်းဒေသ သို့ သွား ရောက်မည် ဆိုပါက ရွှေဘို - မန္တလေး လမ်း၊ စိုင်နိုင်လမ်းခွဲမှ ဝင်ရောက် နိုင်သကဲ့သို့ ဝက်လက်မြို့မှ တစ်ဆင့် သခွတ္တောရွာ လမ်းအတိုင်း သွားရောက် နိုင်ကြောင်း သိရသည်။

ထို့ပြင် ဟန်လင်းဒေသ တွင် သဘာဝ အတိုင်း ထူးခြားစွာ တည်ရှိ နေသည့် ရေပူ ရေအေး တွင်းများ၊ ရေပူစမ်းများ (ပုံ) ကလည်း ပြည်တွင်း ပြည်ပ ခရီးသွားများကို များစွာ ဆွဲဆောင် နိုင်ကြောင်း၊  လျှပ်စစ်မီး ရရှိ၍ လမ်းပန်း ဆက် သွယ်ရေး ကောင်းမွန်လာ ပါက ခရီးသွား လုပ်ငန်း များလည်း ဖွံ့ဖြိုး လာနိုင်သည့် ဒေသ ဖြစ်ကြောင်း သိရသည်။

နန္ဒာမင်းလွင်

#Yadanarpondaily

No comments:

Post a Comment