Pages

Wednesday, July 9, 2014

အောင်မြင်လိုသော စိတ်ဆန္ဒဖြင့် ကြိုးပမ်းဆောင်ရွက်


အောင်မြင်လိုသော စိတ်ဆန္ဒဖြင့် ကြိုးပမ်းဆောင်ရွက်

မြန်မာနိုင်ငံ သည် ရေ၊ မြေ၊ သယံဇာတ၊ ရာသီဥတု ကောင်းမွန် သောကြောင့် နိုင်ငံ၏ စီးပွားရေး တွင် လယ်ယာ ကဏ္ဍကို အဓိကထား လုပ်ကိုင်လျက် ရှိကြသည်။ လယ်ယာကဏ္ဍ သည် အလုပ်အကိုင် အခွင့်အလမ်း နှင့် လူတိုင်းအတွက် အခြေခံ ဖြစ်သည့် စားရေးနှင့် နေ့စဉ်ဝင်ငွေ ရရှိရေး လိုအပ်ချက် လျင်မြန်စွာ အကောင် အထည်ဖော် နိုင်မည့် အဓိက နယ်ပယ် ဖြစ်သည်။

စိုက်ပျိုးရေးကို အဓိက အခြေခံသည့် နိုင်ငံဖြစ်သည့် အားလျော်စွာ လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် လက်တွေ့ ပြုပြင် ပြောင်းလဲ အကောင် အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် ငါးရပ်ဖြစ်သော စိတ်ဓာတ်များ ပြောင်းလဲရန်၊ လယ်မြေများ တန်ဖိုးရှိအောင် ပြောင်းလဲရန်၊ အထွက်တိုး မျိုးများ ပြောင်းလဲရန်၊ သိပ္ပံနည်းကျ စိုက်ပျိုး နည်းစနစ်များ ပြောင်းလဲရန် နှင့် စက်မှု လယ်ယာ ပြောင်းလဲရန် တို့ ဖြစ်သည်။

တောင်သူများ ကိုယ်တိုင် တိုးတက် ကြီးပွား လိုသောစိတ်၊ အောင်မြင် လိုသောစိတ်၊ စိတ်ဆန္ဒ ပြင်းပြစွာဖြင့် မိမိတို့၏ မူလ စိတ်ဓာတ်များကို အခိုင်အမာ မြှင့်တင် ပြောင်းလဲပြီး လုပ်ကိုင် ဆောင်ရွက်၍ တောင်သူများ၏ လိုအပ်ချက် များကိုလည်း သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝိုင်းဝန်း ပံ့ပိုးပူးပေါင်း ဆောင်ရွက် ကြရမည် ဖြစ်သည်။ လက်ရှိ မိရိုးဖလာ ခေတ်ဟောင်း စိုက်ပျိုး နည်းစနစ် အစား ခေတ်မီ သိပ္ပံနည်းကျ စိုက်ပျိုး နည်းစနစ် များကို အသုံးပြု ပြောင်းလဲ စိုက်ပျိုးနိုင်ရန် မြို့နယ်တိုင်းတွင် စံနမူနာပြ တောင်သူ ပညာပေး စိုက်ကွင်းများ ထူထောင် အကောင် အထည်ဖော် နိုင်ရန် ဆောင်ရွက် ရမည် ဖြစ်သည်။

လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် လက်တွေ့ အကောင် အထည်ဖော် လျက်ရှိသည့် စံပြနမူနာ စိုက်ခင်းများတွင် လယ်ယာသုံး စက်ကိရိယာ၊ ဝန်ဆောင်မှု လုပ်ငန်းနှင့် သစ်သီးဝလံများ အဆင့်မြှင့်တင် ထုပ်ပိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိရာ နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့ နိုင်သည့် အဆင့်သို့ ရောက်ရှိ နေပြီ ဖြစ်သည်။

စပါး စိုက်ပျိုး ရာတွင်လည်း ခေတ်မီ ဘက်စုံသုံး လက်တွန်း ထွန်စက်များ၊ ရိတ်သိမ်း ခြွေလှေ့စက် များဖြင့် တစ်ပြိုင်တည်း ရိတ်သိမ်း နိုင်သည့် လုပ်ငန်းခွင် ဝန်ဆောင်မှု များကို ပုဂ္ဂလိက အခန်းကဏ္ဍ နှင့် လယ်ယာ ကုန်ထုတ် သမဝါယမ အသင်းများ ထူထောင်ပြီး နမူနာကွက် များမှရရှိသည့် အတွေ့အကြုံ ကို အခြေခံ၍ ဒေသ အသီးသီးတွင် တစ်ချိန်တည်း တစ်ပြိုင်တည်း ဟန်ချက်ညီစွာ ပုဂ္ဂလိက ကဏ္ဍ သမဝါယမ ကဏ္ဍတို့မှ တောင်သူများ၏ လက်ငင်း လိုအပ်ချက် များကို လက်တွေ့ ပူးပေါင်း အကောင် အထည်ဖော် သွားရမည် ဖြစ်သည်။

သို့ဖြစ်ရာ လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် နိုင်ငံတော် အစိုးရ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ ပြည်ပ အဖွဲ့အစည်းများက အဘက်ဘက်မှ ဝိုင်းဝန်း ဖြည့်ဆည်း ပေးလျက်ရှိပြီး တောင်သူ လယ်သမားများ အနေဖြင့် ခိုင်မာသည့် လယ်ယာမြေ လုပ်ပိုင်ခွင့် အခွင့်အရေးများ အပြည့်အဝ ရရှိ ခံစားနေရပြီ ဖြစ်သောကြောင့် တောင်သူများ၏ အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေကြမ်း ကိုလည်း ရေးဆွဲပြီး ဖြစ်ရာ အောင်မြင် လိုသော စိတ်ဆန္ဒ ပြင်းပြစွာဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက် ပါက ကုန်ထုတ် လုပ်ငန်းများ တိုးတက် လာမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment