Pages

Thursday, July 17, 2014

မြန်မာ့လေကြောင်း အတွက် ပြင်သစ်ထုတ် ATR 72-600 လေယာဉ် ခြောက်စင်း ၀ယ်ယူရန် စာချုပ်ချုပ်ဆို



ရန်ကုန် ၊ ၁၇-၇-၂၀၁၄

ပို့ဆောင်ရေး ၀န်ကြီးဌာန ၊ မြန်မာ့လေကြောင်း သည် ပြင်သစ်နိုင်ငံ ATR ကုမ္ပဏီမှ ထုတ်လုပ်သော ATR 72-600 လေယာဉ် ခြောက်စင်း ၀ယ်ယူရေး နှင့် ATR လေယာဉ် အကြီးစား ပြင်ဆင်ရေး အလုပ်ရုံ တည်ထောင်ရေး တို့အတွက် ယမန်နေ့တွင် မြန်မာ့လေကြောင်း ရုံးချုပ်၌ ATR လေယာဉ် ကုမ္ပဏီ နှင့် ၀ယ်ယူရေး စာချုပ် လက်မှတ် ရေးထိုးရာ အခမ်းအနား သို့ ပို့ဆောင်ရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးဇင်ယော် ၊ ATR ကုမ္ပဏီမှ ဒါရိုက်တာ Mr. Fracios Leneveu ၊ မြန်မာ့လေကြောင်း မှ တာဝန်ရှိ သူများ တက်ရောက် ကြကြောင်း သိရသည်။

မြန်မာ့လေကြောင်း မှ ၀ယ်ယူမည့် ATR 72-600 လေယာဉ် အသစ်များသည် ပြင်သစ်နိုင်ငံ အစိုးရ သဘော တူညီချက်ဖြင့် ပြင်သစ် ၊ အီတလီ နိုင်ငံများရှိ EXIM Bank များမှ Financial Assistance ဖြင့် ၀ယ်ယူခြင်း ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် တစ်စင်း ၊ ၂၀၁၆ ခုနှစ်တွင် သုံးစင်း နှင့် ၂၀၁၇ ခုနှစ်တွင် နှစ်စင်း အသီးသီး ရောက်ရှိ ကြမည် ဖြစ်သည်။

ATR လေယာဉ် အကြီးစား ပြင်ဆင်ရေး အလုပ်ရုံကို ယခု စာချုပ် လက်မှတ် ရေးထိုးပြီး ၃ လအတွင်း လုပ်ငန်းများ စတင် အကောင် အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ATR လေယာဉ် အကြီးစား ပြင်ဆင်ရေး အလုပ်ရုံ တည်ထောင်ခွင့် ရရှိခဲ့သည့် အတွက် ယခင် မြန်မာနိုင်ငံရှိ ATR လေယာဉ်များအား စင်ကာပူ နိုင်ငံ နှင့် အိန္ဒိယနိုင်ငံ များသို့ ပို့ဆောင် ပြင်ဆင်ခဲ့ရာမှ ယခုအခါ ပြည်တွင်း၌ပင် ပြုပြင် နိုင်မည် ဖြစ်သည့်အတွက် ကုန်ကျစရိတ် များ သက်သာစွာ ပြင်ဆင် နိုင်တော့မည် ဖြစ်သည်။

မြန်မာ့လေကြောင်း သည် နိုင်ငံတော်ပိုင် လေကြောင်းလိုင်း ဖြစ်သည်နှင့် အညီ ၁၉၉၃ ခုနှစ်မှစ၍ ရပ်ဆိုင်း ထားခဲ့သည့် နိုင်ငံတကာ ခရီးစဉ်များကို ၂၀၁၅ ခုနှစ်၌ ပြန်လည်၍ ပျံသန်း ပြေးဆွဲရန် စီစဉ်လျက် ရှိသည်။ ထိုကဲ့သို့ ပြေးဆွဲရာတွင် အမေရိကန် နိုင်ငံ GE ကုမ္ပဏီ လက်အောက်ခံ ကမ္ဘာ့ လေယာဉ် အများဆုံး ပိုင်ဆိုင်သည့် GECAS ကုမ္ပဏီမှ Boeing လေယာဉ်အသစ် 737-800 NG ခြောက်စင်း နှင့် Boeing 737-800 MAX လေးစင်း တို့အား ငှားရမ်းပြီး ဖြစ်ရာ နိုင်ငံတကာ ခရီးစဉ်များ ပျံသန်း ပြေးဆွဲရန် အတွက် GECAS ကုမ္ပဏီခွဲ ဖြစ်သည့် Avia Solution ကုမ္ပဏီကို မြန်မာ့လေကြောင်း ၏ Advisory အကြံပေး ကုမ္ပဏီ အဖြစ် စေလွှတ်၍ ဆောင်ရွက် စေလျက် ရှိသည်။

ယခုအခါ နိုင်ငံတော်ပိုင် လေကြောင်းလိုင်း ဖြစ်သည့် မြန်မာ့လေကြောင်း သည် ပြည်ထောင်စု ရန်ပုံငွေ ပြင်ပမှ အောင်မြင်အောင် ဆောင်ရွက်လျက် ရှိသည့် နိုင်ငံပိုင် စီးပွားရေး အဖွဲ့တစ်ခု ဖြစ်ပြီး လက်ရှိတွင် လေယာဉ် ၁၀ စင်းဖြင့် ပြည်တွင်း ခရီးစဉ် ၂၆ မြို့အား ပျံသန်း ပြေးဆွဲလျက် ရှိပြီး လေကြောင်း ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရန် နှင့် နိုင်ငံတကာ လေကြောင်းလိုင်း များနှင့် ရင်ပေါင်တန်း ပြေးဆွဲနိုင်ရန် ကြိုးစား ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ 

#Themyawadydaily

No comments:

Post a Comment