Pages

Saturday, June 7, 2014

၂၀၁၅ ခုနှစ်တွင် GTI ၁၀ ကျောင်းခန့် ထပ်မံ တိုးချဲ့ဖွင့်လှစ်ရန် စီစဉ်


ရန်ကုန် ၊ ၇-၆-၂၀၁၄

မြန်မာနိုင်ငံ ရှိ စက်မှုလက်မှုပိုင်း ဆိုင်ရာ လုပ်ငန်းကဏ္ဍ များတွင် လက်တွေ့ ကျွမ်းကျင်မှု ရှိသော အတတ်ပညာရှင် ၀န်ထမ်းများ လိုအပ်နေသည် ကို ဖြည့်ဆည်း ပေးနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၅ ခုနှစ်တွင် နိုင်ငံတစ်ဝန်း၌ အစိုးရ စက်မှုလက်မှု သိပ္ပံ Government Technical Institute ( GTI ) ကျောင်း ၁၀ ကျောင်းခန့် ထပ်မံ တိုးချဲ့ ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့ကြောင်း သိရသည်။

ထိုသို့ ဖွင့်လှစ် သင်ကြားရာ၌ ကမ္ဘာပေါ်တွင် ဖွံ့ဖြိုး တိုးတက်နေသော အဆင့်မြင့် စက်မှုနည်းပညာ များအား သိရှိနားလည် စေရန်နှင့် ဘာသာရပ် သင်ရိုးညွှန်းတမ်းများ ရေးဆွဲရာတွင် နိုင်ငံတော် အစိုးရမှ သက်ဆိုင်ရာ အဖွဲ့အစည်း များနှင့်အတူ ပုဂ္ဂလိက စက်မှုလက်မှု ကျွမ်းကျင် ပညာရှင်များ ၊ နိုင်ငံတကာ မှ နည်းပညာပိုင်း ဆိုင်ရာ အတတ်ပညာရှင် များနှင့် အဖွဲ့အစည်း များ၏ အကူအညီ ရယူ၍ ထိရောက်မှု ရှိသော သင်ရိုးညွှန်းတမ်း များ ရေးဆွဲပြီး အမှန်တကယ် တတ်ကျွမ်း နားလည်ကာ တီထွင် ဖန်တီးမှု စွမ်းရည်များ ၊ ပြဿနာ ဖြေရှင်းနိုင်စွမ်းများ ရှိလာစေရန် သင်ကြား ပို့ချ သွားမည် ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် စက်မှုလက်မှု သိပ္ပံကျောင်းများကို လွန်ခဲ့သော နှစ်ပေါင်း တစ်ရာကျော် ကတည်းက စတင် တည်ထောင် ခဲ့ခြင်းဖြစ်ပြီး ခေတ် အဆက်ဆက်တွင် လက်တွေ့ ကျွမ်းကျင်မှု ရှိသော အင်ဂျင်နီယာများ ၊ စက်မှုလက်မှု အတတ်ပညာရှင် များကို မွေးထုတ် ပေးခဲ့သည့် အစဉ်အလာ ကောင်းများ ရှိခဲ့သဖြင့် ယခုကဲ့သို့ ပြန်လည် တည်ထောင် ရခြင်း ဖြစ်ကြောင်း ၊ ယခုနှစ်တွင် GTI ကျောင်း ၁၀ ကျောင်းကို အောင်မြင်စွာ စတင် ဖွင့်လှစ်နိုင် ခဲ့ကြောင်း နှင့် လာမည့်နှစ် တွင်လည်း နောက်ထပ် ၁၀ ကျောင်းခန့် ထပ်မံ ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ ရန်ကုန်မြို့ရှိ ယခင် နတ်မောက် အမှတ်(၁) စက်မှုလက်မှု အထက်တန်းကျောင်း နေရာတွင်လည်း စင်ကာပူနိုင်ငံ မှ Institute of Technical Education ( ITE ) ၏ အကူအညီဖြင့် စင်ကာပူ - မြန်မာ Vocational Training Institute တစ်ခုကို လာမည့်နှစ်တွင် စတင် ဖွင့်လှစ်နိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

ဆောင်းဦး

#Themyawadydaily

No comments:

Post a Comment