Pages

Tuesday, June 24, 2014

သဘာဝဘေး နှင့် လျှပ်စစ်အန္တရာယ် သတိပြု ကာကွယ်


သဘာဝဘေး နှင့် လျှပ်စစ်အန္တရာယ် သတိပြု ကာကွယ်

ယနေ့ အချိန်အခါသည် မိုးတွင်း ကာလသို့ ကျရောက် နေပြီဖြစ်ရာ မိုးသည်းထန်စွာ ရွာသွန်းခြင်း များနှင့် မိုးရွာစဉ် လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ်လေ့ ရှိသည်။ ယခု ကဲ့သို့သော အချိန်မျိုးတွင် လျှပ်စစ် အန္တရာယ် ကာကွယ်ရေး လုပ်ငန်းမှာ များစွာ အရေးကြီးသည်။

လျှပ်စစ်သည် လူသားများ အတွက် လွန်စွာ အရေးပါသည့် အမှောင်ကို ခွင်း၍ အလင်းဆောင် ပေးသော အရာဖြစ်သည်။ ထို့ပြင် လူတို့၏ အသုံးအဆောင် ပစ္စည်းများ သည်လည်း လျှပ်စစ်နှင့် ဆက်နွှယ်ပတ်သက် နေကြသည်။ ထိုသို့ လူသားများ အတွက် များစွာ အထောက် အကူပြု နေသော တန်ဖိုး မဖြတ်နိုင်သည့် လျှပ်စစ်သည် လူသားများ အတွက် အန္တရာယ်ပြု စေသောအရာ ဖြစ်ကြောင်း ကိုလည်း လူတို့ သတိချပ် ရမည်ဖြစ်သည်။

မိုးရွာသွန်း မှုကြောင့် ရေကြီးရေလျှံ ရေနစ်မြုပ် နေချိန်များတွင် ရေဝပ်နိုင်သော နေရာများရှိ ဓာတ်အား ဖြတ်သန်း စီးဆင်းနေသော ဓာတ်ကြိုး၊ ဓာတ်တိုင်၊ ထရန်စဖော်မာ တို့မှာ အလွန် အန္တရာယ် ကြီးမားသဖြင့် သတိထား ကြရမည် ဖြစ်သည်။ ထို့ပြင် ရေနစ်မြုပ် နေသော အိမ်သုံး လျှပ်စစ်ပစ္စည်း များကိုလည်း ဓာတ်လိုက်မှု မဖြစ်စေရန် သတိရှိစွာဖြင့် ကိုင်တွယ် ကြရမည်။

မိုးတွင်းကာလ အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်း တိုက်ခတ် သောကြောင့် လမ်းဘေးရှိ ဓာတ်ကြိုး၊ ဓာတ်တိုင်များ ကျိုးကျ၊ ပြိုလဲခြင်းများ ဖြစ်ပွားလေ့ ရှိသည်။ ထိုကဲ့သို့ လမ်းဘေး လမ်းမများနှင့် လူအရောက် နည်းသည့် နေရာများတွင် ဓာတ်ကြိုး၊ ဓာတ်တိုင်များ ပျက်စီး၊ ပြိုလဲမှုများ တွေ့ရှိလျှင် လျှပ်စစ် စီးဝင်သည် ဖြစ်စေ၊ မစီးဝင်သည် ဖြစ်စေ သတိပြု သွားလာ ရမည် ဖြစ်သည်။ မိမိ အသိ စိတ်ဓာတ်ဖြင့် ကိုင်တွယ် ဖယ်ရှားခြင်းမျိုး မပြုဘဲ လျှပ်စစ်ရုံး (သို့မဟုတ်) သက်ဆိုင်ရာသို့ အကြောင်းကြား ပေးရမည် ဖြစ်သည်။

ယခုအခါ ကျောင်းဖွင့် ရာသီ ရောက်ရှိနေပြီ ဖြစ်သောကြောင့် သဘာဝ ဘေးအန္တရာယ် ဖြစ်သည့် မိုးတွင်းကာလ ရေကြီးရေလျှံမှု များနှင့် လေပြင်း တိုက်ခတ်မှုကြောင့် လမ်းဘေးနှင့် လမ်းမများ ပေါ်တွင် လျှပ်စစ်မီးကြိုးများ ပြတ်တောက် ခြင်းများ ဖြစ်ပေါ်နိုင်ရာ မိမိတို့၏ သားသမီး များကို လျှပ်စစ် အန္တရာယ်မှ ကာကွယ်နိုင်ရန် သတိပေး ပြောဆို ဆုံးမမှုများ ပြုကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် လေပြင်း တိုက်ခတ်ခြင်း များကြောင့် ရေကြီးရေလျှံ မှုများဖြစ်ပါက လျှပ်စစ် အန္တရာယ် ကာကွယ်ရေး လုပ်ငန်းများကို အထူး အလေးပေး ဆောင်ရွက် ကြရမည်။ ရေနစ်မြုပ် နေသော လျှပ်စစ် ဓာတ်ကြိုးများနှင့် လျှပ်စစ်ပစ္စည်း များမှ ဓာတ်လိုက်မှု မဖြစ်စေရန် ပြတ်တောက်ပြီး မြေပေါ် ကျရောက် နေသော ဓာတ်ကြိုး၊ ဓာတ်တိုင် များကို ကိုင်တွယ်ခြင်း၊ ဖယ်ရှားခြင်း မပြုမိစေရန် အထူး ဂရုပြုကြ ရမည်။

သက်ဆိုင်ရာမှ တာဝန်ရှိ သူများ အနေဖြင့်လည်း သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပေါ် လာပါက ၄င်းဒေသ များသို့ အချိန်မီ သွားရောက် စစ်ဆေးခြင်း၊ ကာကွယ် ပေးခြင်းများကို အလေးပေး ဆောင်ရွက်ကြ စေလိုကြောင်း စေတနာ ကောင်းဖြင့် အကြံပြု ရေးသား လိုက်ရပေသည်။ 

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment