Pages

Tuesday, June 10, 2014

အင်းဝလေးထပ် ကျောင်းတော်ကြီး တွင် သမိုင်းဆိုင်ရာ အချက်အလက်များ လာရောက်လေ့လာဖူးမြော်သူများ သိရှိနိုင်ရန် ရေးထိုးစိုက်ထူထားသင့်


ဘကြီးတော်မင်း ၏ကောင်းမှု အင်းဝ လေးထပ်ကျောင်းတော်ကြီး

အင်းဝ ၊ ၁၀-၆-၂၀၁၄

ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ဒေသအဖြစ် သတ်မှတ်ထား သည့် အင်းဝမြို့ဟောင်း မှ ဘကြီးတော် မင်း၏ ကောင်းမှု၊ လေးထပ်ကျောင်းကြီး ခေါ် အုတ်ပြာသာဒ် တော်ကြီးတွင် ကျောင်းတော်ကြီး (ပုံ) နှင့် ပတ်သက်သည့် သမိုင်း အချက်အလက် များကို ရေးသား စိုက်ထူ ထားခြင်း မရှိသောကြောင့် လာရောက် လေ့လာသည့် ပြည်တွင်း၊ ပြည်ပမှ ဧည့်သည်များ အမှတ်အသား မှားယွင်း ကြရကြောင်း သိရသည်။

နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ အများဆုံး လာရောက် လေ့လာလျက် ရှိသည့် အောင်မြေဘုံစံ မယ်နု အုတ်ကျောင်းတော်ကြီး၊ နန်းမြင့်မျှော်စင်၊ ဗားကရာကျောင်း တော်ကြီးတို့တွင် ရှေးဟောင်း သုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန မှ ရှေးဟောင်း အဆောက်အအုံ များနှင့် သက်ဆိုင်သည့် သမိုင်းဆိုင်ရာ အချက်အလက် များကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသား စိုက်ထူထားပြီး ဥတည်တံခါး၊ ဆင်ကျုံးခံတပ် စသည့် သမိုင်းဝင် နေရာများ တွင်လည်း ကျောက်စာ ရေးထိုးစိုက်ထူ ထားကြောင်း သိရသည်။

'' လေးထပ်ကျောင်းကြီး ကို ဂျာနယ်တစ်စောင် ရဲ့ မျက်နှာဖုံး ဆောင်းပါး ခေါင်းစဉ်မှာ အင်းဝရှေးဟောင်း မြို့တော်မှ သမိုင်းဝင် ပုထိုးတော်ကြီး လို့ မှားယွင်း ဖော်ပြထား တာကို တွေ့ရတယ်။ သာလွန်မင်းကြီး ဆောက်လုပ် ခဲ့တယ်လို့လဲ မှားယွင်း ရေးသား ထားခဲ့တယ်။ တကယ်တော့ ဒီကျောင်းတော်ကြီး နဲ့ ပတ်သက်တဲ့ သမိုင်းဆိုင်ရာ အချက်အလက် တွေကို ရေးသား စိုက်ထူ ထားတာမရှိလို့ မှားယွင်း နေတာပါ။ ဒီ ကျောင်းတော်ကြီး က တကယ့်ကို ကြီးမား ခံ့ထည်တဲ့ သမိုင်းဝင် အဆောက်အအုံကြီး ဖြစ်တဲ့အတွက် လေ့လာသူတွေ ပိုမို စိတ်ဝင်စားမှု ရှိအောင်၊ သမိုင်း အချက်အလက် အမှန်ကို သိရှိနိုင်အောင် ရေးသား စိုက်ထူ ပေးထား သင့်ပါတယ် ... '' ဟု အင်းဝမြို့မှ စာရေးဆရာ တစ်ဦးက ပြောပြသည်။

ဒုတိယ အင်းဝခေတ် ကိုတည်ထောင် ခဲ့သည့် ညောင်ရမ်းမင်း တရားကြီးက သက္ကရာဇ်- ၉၆၃ ခုနှစ်တွင် ကျောင်းရန် (၄ဝ)ရှိသော လေးထပ်ကျောင်း တော်ကြီးကို တည်ဆောက်ခဲ့ပြီး သားတော် အနောက်ဘက်လွန် မင်းက ပြီးစီးအောင် ဆောက်လုပ်ကာ တူးရွင်းခြေဂိုဏ်း အနွယ်ဝင်၊ မဟာသံဃနာထ ဆရာတော်အား တင်လှူခဲ့ခြင်း ဖြစ်သည်။ သာလွန်မင်း လက်ထက်တွင် တရုတ်တို့နှင့် စစ်မက် ဖြစ်ပွားရာ လေးထပ်ကျောင်း တော်ကြီးမှာ မီးတိုက် ဖျက်ဆီးခြင်း ခံခဲ့ရသည်။ ၁၁၈၇ ခုနှစ်တွင် စတုတ္ထ အင်းဝနန်းစံ၊ ဘကြီးတော် မင်းသည် သကျသီဟ ဗုဒ္ဓရုပ်ပွား တော်ကြီးအား သွန်းလောင်း တော်မူ၍ ဘုံ-၇ ဆင့် ရှိသော ဂန္ဓကုဋီတိုက်၊ အုတ်ပြာသာဒ် တော်ကြီးကို ဆောက်လုပ် ထားရှိ ပူဇော် ခဲ့သည်။

သက္ကရာဇ် ၁၂ဝဝ ပြည့်နှစ်တွင် ပြင်းထန်စွာ အကြိမ်ကြိမ် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ဂန္ဓကုဋီတိုက်၊ အုတ်ပြာသာဒ် တော်ကြီးမှာ ပျက်စီး ခဲ့ရသည်။ သက္ကရာဇ် ၁၂ဝ၉ ခုနှစ် တွင် ပုဂံမင်းက သကျသီဟ ရုပ်ပွား တော်ကြီး ကို အမရပူရ မြို့တော်သို့ ပင့်ဆောင် ကိုးကွယ် ခဲ့သည်။ သက္ကရာဇ် ၁၂၄၇ ခုနှစ်တွင် သီပေါမင်းက အမရပူရမြို့မှ သကျသီဟ ရုပ်ပွားတော်ကြီးကို မန္တလေးမြို့သို့ ပင့်ဆောင် ကိုးကွယ် ခဲ့သည်။ ယခု အင်းဝလေးထပ် ကျောင်းဝင်း အတွင်းရှိ မုခ်လေးမုခ်ပါ၊ လေးဖက်ညီ အုတ် ဂန္ဓကုဋီတိုက်ကြီးမှာ ဘကြီးတော်မင်း ၏ ကောင်းမှု ဖြစ်ကြောင်း သိရှိရသည်။ (၁၇ဝ)

#Yadanarpondaily

No comments:

Post a Comment