Pages

Sunday, June 8, 2014

ပခုက္ကူမြို့နယ် အတွင်းရှိ ကျေးရွာအချို့ ကမ်းပြိုမှုကြောင့် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိ


ပခုက္ကူ ၊ ၈-၆-၂၀၁၄

ဧရာဝတီတိုင်း ဒေသကြီး ၊ ပခုက္ကူမြို့ အနီးနှင့် လက်ပံခြေပေါ် ဘက်မှ စီးဆင်းလာသော ဧရာဝတီ မြစ်ကြောင်း နှစ်ကြောင်း ပေါင်းဆုံကာ ပခုက္ကူမြို့ အောက်ရှိ ကြက်တန်းကုန်း ၊ သိမ်ကုန်း ၊ မရိုးကုန်း ၊ ရှားတော ၊ ထနောင်းကုန်း ရွာတို့သို့ ဦးတိုက် စုန်ဆင်း နေသောကြောင့် ကမ်းပါးပြိုမှု ကြုံတွေ့ နေရသည့် အတွက် ယာမြေ သာမက ရွာလုံးကျွတ် ရွှေ့ရမည့် အရေး ကြုံတွေ့လျက် ရှိပြီး ယခုနှစ် မေလအတွင်း မြစ်ကမ်းပါး ပြိုကျမှုကြောင့် ကြက်တန်းကုန်း ရွာရှိ လူနေအိမ် ၁၀ လုံး ရေထဲမျောပါ သွားခဲ့ကြောင်း သိရသည်။

ယခင်နှစ်က သိမ်ကုန်း နှင့် မရိုးကုန်း ရွာနှစ်ရွာ သည်လည်း မြစ်ကမ်းပါး ပြိုကျမှုကြောင့် နိုင်ငံတော် မှ ရွာလုံးကျွတ် ရွှေ့ပြောင်း နေရာချထားပေး ခဲ့ရပြီး  ကမ်းပါးပြိုမှု ကင်းဝေးစေရန် မြို့နယ် အစီအစဉ်ဖြင့် ရေကာတာများ ဆောက်လုပ် ပေးခဲ့သည်။ " ရေကာတာများ ဆောက်လုပ်ပေးတာ ကောင်းပေမယ့် ကျွန်တော်တို့ အထက် ရေကာတာ ကတော့ ပေ ၂၀၀ ခန့် ကျိုးပေါက် နေပါတယ် ၊ ရေမကြီးခင် လှိုင်းမရိုက်ခင် လုပ်ပေး ထားတဲ့ ရေကာတာ တွေကို ပြန်လည် စစ်ဆေးပြီး မွမ်းမံ ပေးဖို့ လိုအပ်ပါတယ် ... " ဟု ရှားတောရွာ အုပ်ချုပ်ရေးမှူး က ပြောသည်။ ပခုက္ကူ ဦးအုန်းဖေ ၏ ဇာတိရွာ ဖြစ်သည့် ရှားတောရွာ သည် မြစ်ကမ်းပါး ပြိုကျ၍ နေရပ်စွန့်ခွာ ရွှေ့ပြောင်းမှု များကြောင့် ယခုအခါ အိမ်ခြေ တစ်ရာခန့်သာ ကျန်ရှိကြောင်း သိရသည်။

အဆိုပါ ကျေးရွာသည် မြစ်ကမ်းပါး ပြိုကျမှု အန္တရာယ်ကြောင့် ကျေးရွာ ရွှေ့ပြောင်းမှု ၃ ကြိမ်ထိ ဆောင်ရွက် ခဲ့ပြီး ဖြစ်ကြောင်း နှင့် လက်ရှိ အခြေအနေ တွင်လည်း အိမ်ခြေ ၅၀ ခန့်သည် ကမ်းပါးပြိုကျမှု အရေးကြောင့် စိုးရိမ် နေကြရသည်။

" ယာမြေရှိတဲ့ အိမ်ခြေ ၅၀ ကတော့ မြစ်ကမ်းပါး နဲ့ ဝေးတဲ့ နေရာမှာ ရွှေ့နေကြရတယ်။ ပခုက္ကူ ဦးအုန်းဖေ စာကြည့်တိုက် ရယ် ၊ စာသင်ကျောင်း ရယ် ရွှေ့ပြောင်း ပြီးစီးပါပြီ ၊ ဒါပေမယ့် ခဏခဏ ရွှေ့ရလွန်းတော့ စာသင်ကျောင်းလည်း အမိုးအကာ မရှိ ဖြစ်နေပါတယ်။ လောလောဆယ် ယာယီအဖြစ် ကလေးငယ် တွေကို ကျေးရွာ ဆေးပေးခန်း မှာ စာသင် ပေးနေရ ပါတယ် ... " ဟု ရှားတောရွာ ဒေသခံ တစ်ဦး၏ ပြောကြားချက် အရ သိရှိရသည်။ 

နေဦးမောင် ( ပခုက္ကူ )

#Themyawadydaily

No comments:

Post a Comment