Pages

Sunday, June 29, 2014

မှတ်သားဖွယ်ရာ ပညာရှိ သူတော်ကောင်းတို့ ဒေသနာ


မှတ်သားဖွယ်ရာ ပညာရှိ သူတော်ကောင်းတို့ ဒေသနာ

လူတို့၏ စိတ်ကို ဖြူစင် သန့်ရှင်းစွာ ထားအပ်ကြောင်း ပညာရှိ သူတော်ကောင်း များ သွန်သင် ကြရာ၌ ဆန်းကြယ်သော စိတ်သည် ရေထည့်သော ဖန်ခွက်နှင့် တူပေသည် ဟု ဥပမာ ပြုခဲ့ကြသည်။

စင်ကြယ် သန့်ရှင်းသော ဖန်ခွက် အတွင်းသို့ စင်ကြယ်သော ရေကို လောင်းထည့် လိုက်လျှင် ထိုရေသည် မူလ အရင်းအတိုင်း ကြည်လင် သန့်ပြန့်လျက် ရှိကြောင်း တွေ့ရသည်။ ထိုရေကိုပင် ဆေးကြော သန့်စင် မထားသော ဖန်ခွက် အတွင်းသို့ လောင်းထည့် လိုက်လျှင် သောက်ချင် ဖွယ်ရာ မဟုတ်အောင် မသန့်မစင် တည်ရှိ နေပေ လိမ့်မည်။ ထည့်လိုက်သော ရေသည် အတူတူ ဖြစ်ပါလျက် ဤသို့ ကွဲပြား ခြားနား ရသည်မှာ တစ်ခုသော ဖန်ခွက်က သန့်စင်၍ တစ်ခုသော ဖန်ခွက်မှာ မသန့်မစင် သောကြောင့် ဖြစ်သည်။

လူတို့၏ စိတ်မှာလည်း ဤသို့ ဖြစ်သည်။ ဖြူစင် သန့်ရှင်းနေသော စိတ်မှာ ကောင်းမွန်သော တရား ၊ ကောင်းမွန်သော စကား ၊ ကောင်းမွန်သော အရာများကို မြင်ရ ကြားရ ၊ ၀င်စား လက်ခံရတိုင်း ကောင်းမွန်သော လက္ခဏာ တို့ကို ထင်ထင်ရှားရှား သိရလျက် ကောင်းမွန်သော စိတ်တို့ ပေါ်ပေါက် လာမည် ဖြစ်သည်။ မသန့်မပြန့်သော စိတ်မှာ မူလကပင် မရှင်းလင်း သောကြောင့် မည်မျှ ကောင်းမွန်သော တရား ၊ ကောင်းမွန်သော စကား တို့နှင့် တွေ့ကြုံ ရသည်ဖြစ်စေ စိတ်တွင်းသို့ ရောက်လျှင် ရှုပ်ထွေး ဝေခွဲမရဘဲ တွေဝေခြင်း သာလျှင် ဖြစ်ပေါ်လျက် လမ်းမှန်ကို မမြင်နိုင် ဖြစ်ပေမည်။ ထို့ကြောင့် လောက၌ ကောင်းမြတ်သော အရာတို့ကို မည်မျှ တွေ့ကြုံရစေ ကာမူ မိမိတို့ စိတ်တွင်း အရင်းခံက မရှင်းလင်း ခဲ့သော် အကျိုးခံစားခွင့် မရှိ ဖြစ်တတ်သည်။ မိမိတို့ စိတ်ရင်းက ရှင်းလင်း သန့်ပြန့်မှ သာလျှင် အကျိုးခံစား ရမည်ကို သတိမူလျက် မည်သည့် အခါမဆို စိတ်ကို ရှင်းလင်းအောင် ထားအပ်သည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရသည် ကောင်းမွန်သော အုပ်ချုပ်မှု စနစ်ရှိရေး ဖော်ဆောင်လျက် ရှိရာ လုပ်ငန်း နှောင့်နှေး ကြန့်ကြာမှု မရှိစေရန် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ အောက်ခြေ အဆင့်ဆင့်သို့ လုပ်ပိုင်ခွင့် ခွဲဝေ အပ်နှင်း ထားပြီး ဖြစ်သည်။ ကောင်းမွန်သည့် အုပ်ချုပ်မှု စနစ်ရှိ၊ မရှိ ကို တိုင်းတာ ကြရာ၌ ပွင့်လင်း မြင်သာမှု ရှိခြင်း၊ ပြည်သူတို့၏ ဆန္ဒရယူခြင်း၊ တာဝန်သိမှု နှင့် တာဝန်ယူမှု ရှိခြင်း၊ စွမ်းဆောင်ရည် ထိရောက်မှု ရှိခြင်း၊ လုပ်ငန်း လက်တွေ့ ဆောင်ရွက်ရန် ခိုင်မာ ကောင်းမွန်သည့် စည်းမျဉ်း ဥပဒေရှိခြင်း၊ စည်းမျဉ်း ဥပဒေများ နှင့်အညီ လုပ်ကိုင် ဆောင်ရွက်ခြင်း၊ လာဘ်ပေး လာဘ်ယူ တားဆီး ထိန်းသိမ်းနိုင်ခြင်း စသည့် အချက်များနှင့် တိုင်းကြမည် ဖြစ်သည်။ 

ကောင်းမွန်သော အုပ်ချုပ်မှု စနစ် ဖော်ဆောင်ရေး အတွက် နိုင်ငံတော် နှင့် ၀န်ကြီးဌာန များမှ ပြဋ္ဌာန်း ထားသည့် ဥပဒေနှင့် လုပ်ထုံးလုပ်နည်း များကို အခြေခံ၍ အကြောင်းအကျိုး ဆီလျော်မှု၊ ဖြောင့်မတ် မှန်ကန်မှု၊ မူဘောင် နှင့်အညီ ဆောင်ရွက်မှု များအပြင် ကိုယ်ကျိုး ကင်းရှင်းပြီး လုပ်ငန်းအပေါ် ကောင်းမွန်သော စေတနာ ထားကာ စုပေါင်း ညီညွတ်မှု အင်အားဖြင့် ဆောင်ရွက် ကြရမည် ဖြစ်သည်။ မျက်မှောက် ကာလတွင် ရိုးသားမှုနှင့် သွေးသား တော်စပ်သူတို့ ပြောင်ပြောင် ရောင်ရောင် နွမ်းပါး တတ်သည် ဆိုသော စကားမှာ သိမ်ငယ်စရာမဟုတ်ပါ။

သို့ဖြစ်၍ မုံရွာမြို့ မဟာဗောဓိ တစ်ထောင် ကျောင်းတိုက် ဆရာတော်ကြီးက ''အရှုပ်ထဲမှာ ရှင်းအောင်နေ၊ အပူထဲမှာ အေးအောင်နေ၊ သူများအကျိုး ပျက်စီးစရာကို မကြံ၊ မပြော၊ မလုပ်နဲ့ '' ဟု ဘဝ တစ်သက်တာ မှတ်သား လိုက်နာဖွယ်ရာ ဒေသနာ အဖြစ် မိန့်မှာခဲ့ဖူး သည်ကို တစ်ဆင့် ဖြန့်ဝေ လိုက်ရ ပါကြောင်း။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

No comments:

Post a Comment