Pages

Thursday, June 12, 2014

မဟာသမယနေ့ နှင့် ဗုဒ္ဓ၏ ညီညွတ်ရေး တရားတော်များ


မဟာသမယနေ့ နှင့် ဗုဒ္ဓ၏ ညီညွတ်ရေး တရားတော်များ


ယနေ့ မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ် နယုန် လပြည့်နေ့ သည် သွေးစည်း ညီညွတ်မှု မဟာအောင်ပွဲဟု ဆိုအပ် သော မဟာသမယနေ့ ဖြစ်သည်။

ဂေါတမ မြတ်စွာဘုရား သက်တော် ထင်ရှားရှိစဉ် ကာလ၌ ကပိလဝတ္ထု၊ ကောလိယ နှင့် ဒေဝဒဟ ဆိုသော သာကီဝင်မျိုး နိုင်ငံသုံးနိုင်ငံ ရှိကြရာ ကပိလဝတ္ထု နှင့် ကောလိယ နိုင်ငံတို့၏ နယ်ခြားမျဉ်း အဖြစ် ရောဟဏီမြစ် တည်ရှိသည်။ နှစ်နိုင်ငံ လယ်သမား တို့သည် ရောဟဏီ မြစ်ရေကို တစ်လှည့်စီ အညီအမျှ ခွဲဝေ အသုံးပြုကာ စိုက်ပျိုး ခဲ့ကြသည်မှာ နှစ်ပေါင်း ကြာခဲ့လေပြီ။ မိုးခေါင် ရေရှားသော နှစ်တစ်နှစ် တွင်မူ စိုက်ပျိုးရေ မလုံလောက်သော ပြဿနာကြောင့် နှစ်ဖက် လယ်သမားများ အချင်းချင်း အငြင်းပွား ကြသည်မှစ၍ နှစ်ပြည်ထောင် မင်းတို့ စစ်ခင်းကြမည့် အခြေအနေ ရောက်သွားကာ ရောဟဏီ မြစ်တစ်ဖက်ကမ်း စီ၌ စစ်အင်္ဂါ လေးရပ် အစုံအညီဖြင့် ရောက်ရှိ နေကြစဉ် ဂေါတမ မြတ်စွာဘုရား ကြွရောက် တော်မူကာ အကျိုးရှိခြင်း နှင့် အကျိုးမဲ့ခြင်း တို့ကို ခွဲခြားသိမြင် စေရန် ဉာဏ်တော်ဖြင့် လင်းတော်မူ လိုက်သည်။

အကျိုးရှိ အကျိုးမဲ့ ကို ခွဲခြား မသိစေအောင် အမျက် မာန်စောင်ကာ ဖုံးပိတ် ခံထားရသော သာကီဝင် တို့အား ဂေါတမ မြတ်စွာဘုရား က ဉာဏ်တော်နှင့် လင်းစေရာတွင် မာန အာဃာတ များကြောင့် နှစ်ဦးနှစ်ဖက် အကျိုးယုတ် ရသော ရုက္ခစိုးနတ် နှင့် ဝက်ဝံတို့ ရန်ပွဲအကြောင်း ဖန္ဒနဇာတ်၊ ယုန်တစ်ကောင် ၏ မြေပြိုပြီ ဆိုသော စကားကို မနှိုင်းမချိန် ယုံစား မိခြင်းကြောင့် ဟိမဝန္တာမှ အခြေ လေးချောင်း သားကောင် အပေါင်းတို့ ဆင်းရဲဒုက္ခ ရောက်ကြ ရပုံကို ပြသည့် ဒုဒ္ဒုဘဇာတ်၊ ကျီး၊ ယင်မမဲရိုင်း၊ ဖား နှင့် ဘီလုံးငှက်မ တို့လေးဦးသား တစ်စိတ် တစ်ဝမ်းတည်း ညီညွတ် ပေါင်းစုကာ ဆင်ပြောင်ကြီး အသက်ကုန်ဆုံး သည်အထိ ရန်တုံ့ပြန် နိုင်စွမ်းကို ပြသော လဠုကိက ဇာတ်တော် တို့ကို ဟောတော်မူ၍ ရန်အမှုကို မပြုမိကြရန် သတိပေး ဆုံးမ တော်မူ ခဲ့သည်။

ဂေါတမ မြတ်စွာဘုရား ထပ်မံဟောကြား တော်မူခဲ့သည်မှာ အပင်ချင်းဆက် ကိုင်းချင်းယှက် နေသော တောအုပ် အတွင်း၌ ဘုံဗိမာန် နေရာယူ ကြသော ရုက္ခစိုးနတ် များသည် လေပြင်း မုန်တိုင်းကြီး တိုက်ခတ် သော်လည်း မလဲမပြိုဘဲ ဘုံဗိမာန် ခိုင်မြဲကြပုံ နှင့် လူတို့၏ ကိုးကွယ် ပသမှုကို မျှော်ကိုးကာ မြို့ရွာ အနီးရှိ အထီးတည်း သစ်ပင်များကို ဘုံဗိမာန် အဖြစ် ရယူ နေထိုင်ကြသော ဝိသမ လောဘသား ရုက္ခစိုးနတ် များသည် လေပြင်း မုန်တိုင်းကျ ရောက်သည့်အခါ ခိုင်မာ ကြီးမားပြီဟု ထင်ထားသော ဧရာမ သစ်ပင်ကြီးများ အကူအညီ မဲ့ဖြစ်ကာ အမြစ်ပါ ကျွတ်ထွက် ပြိုလဲကြ လေသဖြင့် ဘုံဗိမာန်မဲ့ ဘဝ ရောက်ကြရပုံ ကိုပြသော ရုက္ခဓမ္မ ဇာတ်တော်၊ အချင်းချင်း စည်းလုံး ညီညွတ်သည့် ငှက်အပေါင်းတို့ အသက်ဘေးမှ လွတ်ကြပုံနှင့် အချင်းချင်း စည်းလုံး ညီညွတ်မှု ပြိုကွဲသည့် အခါ ငှက်မုဆိုး၏ ပိုက်ကွန် အတွင်း၌ အစုလိုက် အပြုံလိုက် အသက် ဆုံးရှုံးကြ ရသော ငုံးငှက်တို့ အကြောင်းကို ပြဆိုသည့် ဝဋ္ဋက ဇာတ်တော် တို့ကို ဟောတော်မူ ခဲ့သည်။

မြတ်ဘုရား၏ တရားတော် များကို နာယူပြီးနောက် နှစ်ပြည်ထောင်သော မင်းသားများ အချင်းချင်း ညီညွတ် ပြေလည် သွားကြပြီး တစ်ပြည်ထောင် လျှင် မင်းသား ၂၅ဝ စီ ဘုရားရှင် သာသနာတော် သို့ ဝင်ရောက် ရဟန်းပြု ခဲ့ကြသည်ကို အကြောင်းပြု၍ နယုန် လပြည့်နေ့ကို မဟာ သွေးစည်းမှု အောင်ပွဲနေ့ (မဟာသမယနေ့) အဖြစ် ဗုဒ္ဓဘာသာဝင် တိုင်း သိမှတ် အလေးအမြတ် ပြုကာ နှစ်စဉ်နှစ်တိုင်း မြတ်ဗုဒ္ဓဂုဏ်၊ သံဃာဂုဏ် နှင့် သွေးစည်း ညီညွတ်မှု ဓမ္မဂုဏ် တို့ကို အာရုံပြု ပူဇော်ကြခြင်း ဖြစ်သည်။

သို့ဖြစ်၍ ဘုရားရှင်တိုင်း ၏ အဆုံးအမ ဖြစ်သော သွေးကွဲ ငြင်းခုံခြင်းသည် ကြောက်မက်ဖွယ် မဟာဘေးကြီး အဖြစ် ရှုမြင်၍ သွေးစည်း ညီညွတ်ခြင်းကို အချမ်းသာဆုံး အဖြစ်ခံယူကာ ညီညွတ် ပြေပြစ် ကြပါရန် မြဝတီ က တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

No comments:

Post a Comment