Pages

Monday, June 23, 2014

မနက်ဖြန်သည် ယနေ့ထက် ထူးခြားရမည်


မနက်ဖြန်သည် ယနေ့ထက် ထူးခြားရမည်

ကြီးမားသော ကျောက်တုံးကြီးကို လူများစွာဖြင့် ကော်ထုတ် ရွှေ့ပြောင်းရန် မစွမ်းနိုင် သော်လည်း သစ်သားကုတ် ဖြင့် ကော်ထုတ်သော် အလွယ်တကူ ရွှေ့ပြောင်း နိုင်သည်ဟု ရှေးခေတ်က ပညာရှိကြီး များက သွန်သင်ခဲ့ ကြသည်။ ယနေ့ နည်းပညာ ထွန်းကားသော ခေတ်တွင် ကြီးမားသော အရာဝတ္ထု တို့ကို စက်ယန္တရား များ အသုံးပြု၍ ရွှေ့ပြောင်း နိုင်ကြပြီ ဖြစ်သည်။

စက်ယန္တရား များကို တီထွင် ခဲ့ကြသော ပညာရှင် တို့သည် စာအုပ်စာပေ များကို ဖတ်ရှု လေ့လာမှတ်သား ရာမှ ရရှိသော အသိပညာ နှင့် လက်တွေ့ စမ်းသပ် ဆောင်ရွက်မှု အတတ်ပညာ တို့ကို ပေါင်းစပ်ကာ အောင်မြင်မှုကို ရရှိခဲ့ကြခြင်း ဖြစ်သည်။ အလုပ်ကိစ္စ တစ်ခုကို လက်တွေ့ လုပ်မကြည့်ဖူး သေးသူ တစ်ဦးသည် စာတွေ့ ဖြင့် တတ်သိ နားလည်ထား သော်လည်း လက်တွေ့ အလုပ်စခန်း၌ စမ်းတဝါးဝါး ရှိတတ်သည်မှာ သဘာဝ ဖြစ်သည်။ လုပ်ရင်းကိုင်ရင်း ဖြင့် လေ့လာ မှတ်သားကာ ထိုးထွင်း ကြံဆတတ်သည့် ဉာဏ်ရည် ဉာဏ်သွေး ပိုမို ထက်မြက်အောင် ကိုယ်တိုင် ကြိုးစားကြ ရသည်။

မိမိကိုယ်တိုင် သင်ယူ လေ့လာ မှတ်သားမှု မရှိခဲ့သော လုပ်ငန်းခွင် တစ်ခုသို့ ဝင်ရောက် တာဝန် ထမ်းဆောင် ရသူတို့အဖို့ မိမိထက် စော၍ တာဝန် ထမ်းဆောင် နေကြသူ များထံမှ လုပ်နည်း ကိုင်နည်းတို့ကို လေ့လာစူးစမ်း ၍ သူ့နည်းအတိုင်း လိုက်နာ ကြရသည် ဖြစ်ရာ မသိသူကို မတတ်သူက သင်ပြသည့် အခြေအနေ မျိုးကို ရှောင်ကြဉ်ကြ ရမည်ဖြစ်သည်။ မိမိလုပ်ငန်း တာဝန်နှင့် သက်ဆိုင်သည့် ကြိုတင် လေ့လာ မှတ်သားဖွယ် တို့ကို လျစ်လျူရှု ကာ အချိန်ဖြုန်း တတ်သူတို့၏ အလေ့အထ သည်လည်းကောင်း၊ ခိုင်းသူရှိမှ လုပ်ကိုင် တတ်သည့် တိုင်အောင် ပေါ့ပေါ့ဆဆ သဘောထားကာ တာဝန်သိမှု နှင့် တာဝန်ယူမှု မရှိသော အလေ့အထ တို့သည် လည်းကောင်း၊ အသစ်အသစ် သော ဝန်ထမ်းများထံ ကူးစက် မသွားစေရန် ကြိုတင် တားဆီး ကြရမည်။ လုပ်ငန်း သွက်လက် ထက်မြက်စေရန် ကြီးကြပ်ခြင်းသည် အနေအထိုင် ကျဉ်းကျပ်စေရန် တင်းကျပ်ခြင်း မဟုတ်ပေ။ လုပ်ငန်းဌာန အလိုက် ရှိပြီးသော လုပ်ငန်း လမ်းညွှန်များကို ကျေညက်အောင် ဖတ်မှတ်၍ လက်တွေ့ လိုက်နာ ကြသော် လုပ်ငန်းခွင် သာယာမည်သာ ဖြစ်သည်။

''ဘေးရန် အန္တရာယ် ဝေးသော အခါ၌ ကြောက်လန့် တတ်ခြင်းနှင့် ဘေးရန် အန္တရာယ် နီးကပ်လာသော အခါ ၌ ရဲရင့်ခြင်းသည် မြင့်မြတ်သူ တို့၏ လက္ခဏာ ဖြစ်၏။ လောက၌ မြင့်မြတ်သူ တို့သည် ဘေးရန် အန္တရာယ် ဆိုက်ရောက် လာသည့်အခါ ဣနြေ္ဒပျက်ခြင်း မရှိကြပေ။ မတည်မငြိမ် ဣနြေ္ဒပျက်ခြင်း သည် အမှုကိစ္စ ပြီးစီး အောင်မြင်မှု၏ အကြီးမား ဆုံးသော အနှောင့်အယှက် ဖြစ်၏ '' ဟူသော ပညာရှိတို့ ဆိုစကား ရှိသည်။ ဘေးအန္တရာယ် မကျရောက်မီ ကြိုတင်ပြင်ဆင် ထားသူသည် အခက်အခဲ တို့ကို ဣနြေ္ဒမပျက် ဖြေရှင်းနိုင်ပြီး ကြိုတင် ပြင်ဆင်မှု မရှိလျှင် ဣနြေ္ဒ ပျက်သည်ဟုဆိုခြင်း ဖြစ်သည်။

သို့ဖြစ်၍ လုပ်သက် ကြာလာသည်နှင့် အမျှ မိမိနေ့စဉ် ထမ်းဆောင် နေရသော လုပ်ငန်း တာဝန်ကို ပိုင်နိုင် ကျွမ်းကျင်စွာ ထမ်းဆောင် နိုင်ရန် သိသင့် သိထား ရမည့် လုပ်ငန်းလမ်းညွှန် များအား လေ့လာ မှတ်သား၍ လက်တွေ့ လုပ်ငန်းခွင် နှင့် ပေါင်းစပ်ကာ ထိုးထွင်း ကြံဆ တတ်သည့် ဉာဏ်ရည် ဉာဏ်သွေး ပိုမို ထက်မြက်အောင် လေ့ကျင့် နေကြပါက မနက်ဖြန်သည် ယနေ့ထက် ထူးခြားမည်သာ ဖြစ်ပေသည်။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

No comments:

Post a Comment