Pages

Monday, June 9, 2014

ကြိုးစားမှုဖြင့် အောင်မြင်မှုကို ရယူ


ကြိုးစားမှုဖြင့် အောင်မြင်မှုကို ရယူ

၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများ ကို ဇွန် ၇ ရက်က ထုတ်ပြန် ကြေညာခဲ့ရာ အောင်မြင်သူများ ဝမ်းသာပီတိ ဖြစ်ကြ သကဲ့သို့ ကျရှုံးသူ များလည်း စိတ်ပျက် အားငယ်ကြ ပေလိမ့်မည်။ အောင်မြင် သူများနှင့်ကျရှုံးသူများ အားလုံးအတွက် ဘဝ သင်ခန်းစာ တစ်ခု ဖြစ်သည်ဟု ဆိုရပေမည်။ အောင်မြင်သူ တို့သည် မိမိတို့၏ ကြိုးစားမှု အသီးအပွင့် ကို ခံစား သိရှိပြီးဖြစ်၍ ဘဝ အောင်မြင်ရေး အတွက် ကြိုးစားရမည် ဟူသော သင်ခန်းစာ၊ ကျရှုံးသူများ သည်လည်း မည်သည့် အကြောင်းကြောင့် ကျရှုံး ရသည်ကို သိပြီး အားနည်းချက်ကို ဖြည့်ဆည်း ကြိုးစားသွားမည် ဟူသော သင်ခန်းစာကို ရရှိ နိုင်သည်။

စာသင်နှစ်မှ စ၍ အားသွန် ခွန်စိုက် ကြိုးစားမှုနှင့် ဆရာမိဘတို့ ပူးပေါင်း ဆောင်ရွက်မှု တို့ကြောင့် အောင်ပန်းကို ဆွတ်ခူး နိုင်သော ဂုဏ်ထူးရှင်များ ပေါ်ထွက် လာသည်။ ကျောင်းသား ကိုယ်တိုင် ခံယူချက် အပြည့်အဝ၊ ရည်မှန်းချက် ထား၍ ကြိုးစား အားထုတ် ခဲ့သောကြောင့် ထူးချွန်စွာ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ ကျောင်းသား၏ ထူးချွန်စွာ အောင်မြင်ခြင်း သည် မိသားစုဂုဏ်၊ ကျောင်း၏ဂုဏ် ကိုသာမက နိုင်ငံ့ဂုဏ် ကိုပါ ဆောင်နိုင် ခဲ့ပြီဟု ဆိုရ ပေမည်။ အဘယ့်ကြောင့် ဆိုသော် ယနေ့ခေတ်သည် ပညာခေတ် ဖြစ်၍ နိုင်ငံတော် အတွက် လူသား အရင်းအမြစ် အဖြစ် ဂုဏ်ယူနိုင် သောကြောင့် ဖြစ်သည်။

ကျရှုံးသည့် ကျောင်းသား၊ ကျောင်းသူများ သည်လည်း စိတ်အားငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း မဖြစ်ဘဲ မိမိ၏ အားနည်းချက်ကို ပြုပြင်ကာ ကြိုးစားမှုကို ဆတိုး အားထုတ်ခြင်းဖြင့် အားမာန် မွေးကာ တက္ကသိုလ် ဝင်တန်း စာမေးပွဲ အောင်မြင်မှုကို ထူးချွန်မှု အပြည့်ဖြင့် ရယူမည်ဟု သန္နိဋ္ဌာန် ချ၍ ကြိုးစား ကြရပေသည်။ ထိုသို့ နှစ်စမှစ၍ အားထည့် ကြိုးစားပါမှ နှစ်ဆုံးချိန် စာမေးပွဲကာလ၊ အောင်စာရင်း ထွက်ချိန် ကာလများ၌ အပြုံးပန်းကို ပိုင်ဆိုင် နိုင်မည် ဖြစ်သည်။

နိုင်ငံတော်သည် လူသားစွမ်းရည် မြင့်မားရေး အတွက် ပညာရည် ထူးချွန်သူများကို အားပေး မြှင့်တင်မှုများ ပြုလုပ်ပေး သကဲ့သို့ ပညာ သင်ကြားရန် အခက်အခဲ ရှိသော ကျောင်းသား၊ ကျောင်းသူများ အတွက်လည်း ပညာသင် ထောက်ပံ့မှု များကို လူမှုရေး အသင်းအဖွဲ့များ၊ မြို့နယ် အဖွဲ့အစည်း များနှင့် ဆောင်ရွက် ပေးလျက် ပညာရည် မြှင့်တင်ရေးကို အားပေးလျက် ရှိသည်။

ထိုသို့ နိုင်ငံတော်နှင့် ပြည်သူ အပေါင်းက ပညာရေး ဖွံ့ဖြိုးတိုးတက် စေရန် အားပေး မြှင့်တင် ပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ကလည်း ရရှိသည့် ပညာရေး အခွင့်အလမ်းကို အမိအရ ဆုပ်ကိုင် ရယူကြရမည် ဖြစ်သည်။ ယနေ့မှစ၍ အောင်ရမည် ဆိုသည့် ခိုင်မာသည့် စိတ်ဓာတ် နှင့် ထူးထူးချွန်ချွန် အောင်မြင်ရန် ဝီရိယ စိုက်ထုတ်မည် ဟူသော ခံယူချက် အပြည့်ဖြင့် ကြိုးစား အားထုတ် သွားကြရမည် ဖြစ်သည်။ ထိုသို့ ကျောင်းသား၊ ကျောင်းသူများ အားထည့် ကြိုးစားနိုင်ရန် မိဘနှင့်ဆရာ တို့ကလည်း နည်းလမ်းကောင်း များပေး၍ လမ်းကြောင်းမှန် ရောက်ရန် ပြုစုပျိုးထောင် ပေးကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်း ထုတ်ပြန် ကြေညာချိန်တွင် ရရှိလာသည့် အောင်မြင်မှု ဟူသည် ကြိုးစား အားထုတ်မှု၏ အသီးအပွင့် ဖြစ်၍ ဆုံးရှုံးမှုဟူသည် အားနည်းချက်ရှိ သောကြောင့် ဖြစ်သည်ဆိုသည့် သင်ခန်းစာကို ရယူ၍ အောင်မြင်သူ ကလည်း ဘဝ တစ်လျှောက်လုံး အောင်မြင်မှုများ ပြည့်လျှမ်းစေရန် ကြိုးစားမှု အရှိန်ကို ထပ်မံ အားဖြည့်ရမည် ဖြစ်သကဲ့သို့ ကျရှုံးသူများ ကလည်း တွေဝေ အားငယ်မှုကို ဘေးဖယ်ကာ အားနည်းချက်ကို သိ၍ အောင်မြင်မှုကို ရယူမည် ဟူသော ခံယူချက်ဖြင့် ကြိုးပမ်း အားထုတ် သွားကြရမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment