Pages

Saturday, June 14, 2014

ကျန်းမာသန့်ရှင်းသော ၀န်းကျင်ဖြစ်စေရေး


ကျန်းမာသန့်ရှင်းသော ၀န်းကျင်ဖြစ်စေရေး

နွေ၊ မိုး၊ ဆောင်း သုံးရာသီတွင် ရာသီအလိုက် ဖြစ်ပွား တတ်သော ရောဂါများကို သတိပြု ဆင်ခြင် နေထိုင်သင့်သည်။ ယခု အချိန်သည် မိုးရာသီ ဖြစ်သည်နှင့် အညီ မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန် တုပ်ကွေးရောဂါ၊ ဝမ်းပျက်၊ ဝမ်းလျှော ရောဂါများ မဖြစ်ပွားစေရေး ကြိုတင် ကာကွယ် ကြရမည် ဖြစ်သည်။

သွေးလွန် တုပ်ကွေးရောဂါ သည် ရေကြည် ရေသန့်တွင် ပေါက်ပွားသော အေးဒီးစ်(ခေါ်) ခြင်ကျား (ခြင်ပုန်း) အကိုက်ခံ ရခြင်းကြောင့် ကူးစက် ဖြစ်ပွားသော ရောဂါဖြစ်သည်။ သွေးလွန် တုပ်ကွေး ရောဂါသည် အသက်အရွယ် မရွေး ကလေး၊ လူကြီး အားလုံးတွင် ဖြစ်ပွား နိုင်သည်။ အထူးသဖြင့် အသက်(၁၅) နှစ်အောက် ကလေးများတွင် ပိုမို ဖြစ်ပွားပြီး ရောဂါ ဖြစ်ပွားလျှင် စောစီးစွာ မကုသပါက အသက်ဆုံးရှုံး နိုင်သည်အထိ အန္တရာယ် ဖြစ်စေ နိုင်သည်။

ဝမ်းပျက်၊ ဝမ်းလျှော ရောဂါသည် ယင်နားစာမှ တစ်ဆင့် ဖြစ်ပွားတတ်သော ရောဂါဖြစ်ပြီး လက်မသန့်ခြင်း၊ အစားအစာ မသန့်ခြင်း တို့ကြောင့်လည်း ဖြစ်ပွားနိုင်သည်။ ဝမ်းပျက်၊ ဝမ်းလျှော ရောဂါသည် အသက်အရွယ်ပေါ် မူတည်၍ ခံနိုင်ရည် ကွာသွားပြီး အရွယ်ငယ်လွန်း ပါက အသက် အန္တရာယ် စိုးရိမ်ရသည် အထိ ဖြစ်ပေါ် နိုင်သည်။

ယခုအခါ ကျောင်းဖွင့် ရာသီ ဖြစ်သည်နှင့် အညီ ကျောင်းသား၊ ကျောင်းသူအရွယ် ကလေးငယ် များကို ခြင်ကျား (ခြင်ပုန်း) များ မကိုက်မိ စေရန်နှင့် ဝမ်းပျက်စေသော အစားအစာများ မစားမိစေရန် မိဘများက အထူး ဂရုစိုက်၍ နေထိုင် စားသောက်မှု၊ ဝတ်ဆင်မှု ပုံစံများကို နေ့စဉ် ဆောင်ရွက်ရန် လိုသည်။

ထို့ကြောင့် သွေးလွန် တုပ်ကွေး မဖြစ်စေရန် မိမိတို့၏ ရင်သွေး ကလေးငယ် များကို အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ဆင်ပေးပြီး နေ့၊ ညမရွေး ကလေးများ အိပ်သည့် အချိန်တိုင်း ခြင်မကိုက် စေရန် ခြင်ထောင်ဖြင့် သိပ်ရမည် ဖြစ်သည်။ ထို့ပြင် ခြင်များ မပေါက်ပွား စေရန် မိမိတို့၏ အိမ်ရှေ့ကို ရေစည်၊ ရေအိုး၊ ရေလှောင်ကန် များကို လုံခြုံစွာ ဖုံးအုပ် ထားကြရမည် ဖြစ်သည်။

ထို့အတူ ဝမ်းပျက်၊ ဝမ်းလျှော မဖြစ်စေရေး အတွက်လည်း စာသင်ကျောင်း များတွင် ရောင်းချသော မုန့်ပဲ သရေစာများကို ယင်မနား စေရန် လုံခြုံစွာ ဖုံးအုပ်၍ ရောင်းချ ရမည့်အပြင် မိခင်များ ကလည်း မိမိတို့၏သား၊ သမီးများ အတွက် အစားအစာ နှင့် သောက်ရေ များကို အိမ်မှ သန့်ရှင်းစွာ စနစ်တကျ စီမံ ဆောင်ရွက် ပေးကြရမည် ဖြစ်သည်။

''ကာကွယ်ခြင်း က ကုသခြင်းထက် ပိုမို ထိရောက်သည်'' ဟု ဆိုထားရာ မိမိတို့၏ပ တ်ဝန်းကျင် တွင် သွေးလွန် တုပ်ကွေးရောဂါ ကို ဖြစ်ပွားစေသော 'ခြင်' မပေါက်ပွား စေနိုင်ရန် ကြိုတင် ကာကွယ်မှု များကို မိမိတို့၏ အသိ စိတ်ဓာတ်ဖြင့် လုပ်ဆောင် ကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ ယခု အခါတွင် မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာ အနှံ့တွင် သွေးလွန် တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေး အတွက် ကျန်းမာရေး ဌာနနှင့် ကြက်ခြေနီ၊ မီးသတ် စသည့် လူမှုရေး အဖွဲ့အစည်းများ နှင့် သက်ဆိုင်ရာ တာဝန်ရှိ သူများက စီမံချက် အသွင်ဖြင့် ဆောင်ရွက်လျက် ရှိရာ မိမိတို့ အနေဖြင့်လည်း ကိုယ်တိုင် ပါဝင် ပူးပေါင်းကာ ကျန်းမာ သန့်ရှင်းသော ဝန်းကျင် ဖြစ်စေရေး ဆောင်ရွက်ကြ စေလိုကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment