Pages

Wednesday, May 7, 2014

UNESCO ကမ္ဘာ့မှတ်တမ်း အမွေအနှစ် သတ်မှတ်ကျောက်စာ ကုသိုလ်တော်ဘုရား ရှေ့တွင် စိုက်ထူထားတော့မည်




မန္တလေး ၊ ၇-၅-၂၀၁၄

မန္တလေးမြို့ သို့ လာရောက် လည်ပတ်ကြသော နိုင်ငံတကာ မှ ခရီးသွား ဧည့်သည်များမှာ ပိဋကတ် သုံးပုံပါ ကျောက်စာချပ် ကြီးများ ( The World's Biggest Book ) ကို အံ့သြစွာ လေ့လာ မှတ်တမ်းယူလေ့ ရှိကြသည်။ ကမ္ဘာ့ အကြီးဆုံး စာအုပ်ကြီး ဟု ညွှန်းဆိုထားသော အဆိုပါ ကျောက်စာများသည် မန္တလေးမြို့ မဟာလောက မာရဇိန် ကုသိုလ်တော် ဘုရားအတွင်း ၌ တည်ရှိသည်။

ထို စေတီ တော်မြတ်ကြီး ကို မြန်မာ သက္ကရာဇ် ၁၂၂၁ ခုနှစ် ၊ ကဆုန်လဆန်း ၁၄ ရက်က မင်းတုန်းမင်း က စတင် တည်ထား ခဲ့ခြင်း ဖြစ်သည်။ ထိုစေတီတော် မြတ်ကြီး၏ ဘေးဘက်တွင် ကမ္ဘာ့ အကြီးဆုံး စာအုပ်ကြီး ဟု တင်စားထားသည့် ပိဋကတ် သုံးပုံပါဠိတော် ကျောက်စာချပ်ပေါင်း ၇၂၉ ချပ် တည်ရှိသည်။ ထို ကျောက်စာချပ် များကို မြန်မာ သက္ကရာဇ် ၁၂၂၂ ခုနှစ်တွင် စတင် ထွင်းထုခဲ့ရာ ၁၂၃၀ ပြည့်နှစ်တွင် ပြီးစီး ခဲ့သည်ဟု သိရသည်။ မာတိကာ အလိုက် ပိဋကတ်သုံးပုံ ကျောက်စာများမှာ သုတ္တန်သုံးကျမ်း အတွက် ကျောက်စာအချပ် ၄၁၀ ၊ ၀ိနည်း ငါးကျမ်း အတွက် ကျောက်စာ ၁၁၁ ချပ် ၊ အဘိဓမ္မာ ခုနစ်ကျမ်း အတွက် ကျောက်စာ ၂၀၈ ချပ် ၊ သမိုင်းကျောက်စာ တစ်ချပ် တို့ဖြင့် ရေးထိုး ကမ္ပည်း တင်ထားခဲ့သည်။ ကျောက်စာ တစ်ချပ်လျှင် ဓမ္မစေတီ တစ်ဆူနှုန်းဖြင့် တည်ထားခြင်း ဖြစ်ရာ ဖူးမြင် ရသူအဖို့ သပ္ပာယ်လွန်း လှသည်။

ယခုအခါ ကမ္ဘာ့ အကြီးဆုံး စာအုပ်ကြီး ရှိသည့် ကုသိုလ်တော် ဘုရားရှေ့ မန္တလေး နှစ် ၁၅၀ ပြည့် မင်းတုန်းမင်း ရုပ်တုအနီးတွင် သဘာဝ စကျင် ကျောက်တုံးပေါ်တွင် ကုလသမဂ္ဂ ပညာရေး ၊ သိပ္ပံ နှင့် ယဉ်ကျေးမှုအဖွဲ့ ( UNESCO ) အဖွဲ့ ၊ ကုသိုလ်တော် ဘုရားကျောက်စာများ ၊ " နိုင်ငံတကာ စာရင်းဝင်သောနှစ် ၂၀၁၃ ခုနှစ် ကမ္ဘာ့ မှတ်တမ်း အမွေအနှစ် " ဟူသော သတ်မှတ် စာတန်းပါသည့် ကျောက်စာပါ ကျောက်တုံးကြီးကို စိုက်ထူရန် ပြုလုပ်လျက် ရှိကြောင်း သိရသည်။

အဆိုပါ ပုံစံတူ ကျောက်စာ တစ်ချပ်ကိုလည်း အင်္ဂလိပ်လို ရေးထိုး ထားသည်။ ထို့ကြောင့် မြန်မာတို့ အတွက် ဂုဏ်ယူဖွယ်ရာ ကျောက်စာမှတ်တမ်း နှစ်ချပ် ကို ကုသိုလ်တော် ဘုရားရှေ့တွင် မကြာခင် မြင်တွေ့ ရတော့မည် ဖြစ်ကြောင်း ရေးသား လိုက်ရပေသည်။ (TTS)

#Themyawadydaily

No comments:

Post a Comment