Pages

Sunday, May 11, 2014

အာဟာရ ပြည့်ဝသော အော်ဂဲနစ်သီးနှံ စိုက်ပျိုးထုတ်လုပ်ရေး နှင့် ဈေးကွက်ခိုင်မာရေး


အာဟာရ ပြည့်ဝသော အော်ဂဲနစ်သီးနှံ စိုက်ပျိုးထုတ်လုပ်ရေး နှင့် ဈေးကွက်ခိုင်မာရေး

လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန သည် စိုက်ပျိုးရေး ထုတ်ကုန်များကို အော်ဂဲနစ် နည်းပညာဖြင့် စိုက်ပျိုး ထုတ်လုပ်ရေး နှင့် ပြည်ပဈေးကွက် ခိုင်မာ သေချာမှု ရှိစေရေး ကြိုးပမ်း ဆောင်ရွက်လျက် ရှိရာ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ နှင့် ကိုရီးယား သမ္မတ နိုင်ငံတို့သို့  တင်ပို့ ရောင်းချ သွားမည် ဖြစ်သည်။

စားသုံးသီးနှံများ စိုက်ပျိုး ထုတ်လုပ်ရာတွင် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်း လုံခြုံစိတ်ချ ရမှုကို အာမခံ နိုင်စေရန် ပိုးမွှား ကင်းစင်ရေး နှင့် ဓာတုဓာတ်ကြွင်း ကင်းရှင်းရေး တို့ကို အထူး အလေးထား ဆောင်ရွက် ကြရမည် ဖြစ်သည်။ အလားတူ စားသုံး သီးနှံများတွင် အာဟာရ ဓာတ်ပြည့်ဝစွာ ပါဝင်ရေးကိုလည်း အလေးထား စိုက်ပျိုး ထုတ်လုပ် ကြရမည် ဖြစ်သည်။

စားသုံးသီးနှံ စိုက်ပျိုးသည့် နေရာဒေသ ရှိ လေထုအတွင်း ကာဗွန် ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ ပါဝင်မှု များလျှင် သီးနှံများတွင် အာဟာရဓာတ် ပါဝင်မှု အရည်အသွေး လျော့နည်းကြောင်း အမေရိကန် ပြည်ထောင်စု ရှိ အီလီနွိုက် တက္ကသိုလ် ဇီဝကမ္မ ဗေဒဌာနမှ သုတေသီ များက စမ်းသပ် တွေ့ရှိ ထားကြသည်။ သုတေသန စိုက်ခင်းများ ၌ ဂျုံ၊ စပါး၊ ပဲပိစပ်၊ ပြောင်း၊ ပဲတောင့်ရှည် နှင့် နှံစားပြောင်း တို့ကို အမေရိကန် ပြည်ထောင်စု၊ သြစတြေးလျ နှင့် ဂျပန်နိုင်ငံ တို့တွင် အသီးသီး စိုက်ပျိုးခဲ့သည်။ သုတေသီ များ၏ စမ်းသပ် တွေ့ရှိမှုအရ လေထုအတွင်း ကာဗွန် ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ ပါဝင်မှု သာမန်အဆင့် ရှိသော စိုက်ခင်းမှ ဂျုံထက် လေထုအတွင်း ကာဗွန် ဒိုင်အောက်ဆိုက် ပါဝင်မှု မြင့်မားသော စိုက်ခင်းမှ ဂျုံသည် သွပ်ဓာတ် ပါဝင်မှု ၉ ရာခိုင်နှုန်းနှင့် သံဓာတ် ပါဝင်မှု ၅ ရာခိုင်နှုန်း အသီးသီး လျော့နည်းပြီး စပါး စိုက်ခင်းတွင် သွပ်ဓာတ် ၃ ရာခိုင်နှုန်း နှင့် သံဓာတ် ၅ ရာခိုင်နှုန်း အသီးသီး လျော့နည်း ကြောင်း သိရသည်။

စားသုံး သီးနှံများတွင် သွပ်ဓာတ် ပါဝင်မှု မလုံလောက် ခြင်းကြောင့် စားသုံးသူများ အတွက် ရရှိနိုင်သော ဆိုးကျိုးများမှာ ငှက်ဖျား ရောဂါကဲ့သို့ ပြင်းထန်သော အဖျားရောဂါ၊ အဆုတ်ရောင် ရောဂါနှင့် ဝမ်းပျက် ဝမ်းလျှော ရောဂါများ ခံစားရနိုင်ပြီး သံဓာတ် ပါဝင်မှု နည်းပါးခြင်း ကြောင့် မိခင်နှင့် ကလေး သေဆုံးမှုနှုန်း များပြား စေခြင်း၊ ကလေးငယ်များ မှတ်ဉာဏ် အားနည်းကာ လုပ်ငန်း စွမ်းရည် ကျဆင်း စေခြင်းတို့ ဖြစ်ပေါ် နိုင်သည်။ ဤသို့ လေထုအတွင်း ကာဗွန် ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ ပါဝင်မှု မြင့်မားခြင်း ကြောင့် ဂျုံနှင့် စပါး စိုက်ခင်းများမှ သီးနှံများမှာ ပရိုတိန်းဓာတ် ပါဝင်မှုလည်း လျော့နည်း ကြောင်း သိရသည်။

သို့ဖြစ်၍ လေထုအတွင်း ကာဗွန် ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ ပါဝင်မှု မြင့်မားခြင်းသည် လူသားတို့ အတွက် ကျန်းမာရေး နှင့် စိုက်ပျိုးရေး အတွက်သာ မဟုတ်ဘဲ ဂေဟစနစ် များကိုပါ ဆုံးရှုံး ထိခိုက်မှုများ ရှိခြင်းကြောင့် လေထု ညစ်ညမ်းမှု နည်းပါးရေး ဆောင်ရွက် ခြင်းဖြင့် အာဟာရဓာတ် ပြည့်ဝသော အော်ဂဲနစ် သီးနှံများ အတွက် ဈေးကွက် ခိုင်မာစွာ ရရှိနိုင်မည် ဖြစ်ပေသည်။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

No comments:

Post a Comment