Pages

Monday, May 19, 2014

စိတ်မကျန်းမာသော လူများနှင့် တွေ့ဆုံခြင်း


စိတ်မကျန်းမာသော လူများနှင့် တွေ့ဆုံခြင်း

မဒါလေး

''လူရယ်လို့ ဖြစ်လာ ကတည်းက လူတစ်ယောက်မှာ ပထမဆုံး ရရှိခြင်းက ''ဘဝ'' ဆိုတဲ့ အရာပါ။ ဘဝဆိုတာ စကားလုံး နှစ်လုံးသာ ရှိပေမယ့် အမှန်တကယ် ရှုပ်ထွေးလွန်းတဲ့ ဝေါဟာရ တစ်ခုပါ။ အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ဆိုနိုင်တဲ့ စာစုတစ်ခု ဖြစ်ပါတယ်။ တချို့ ဘဝက ကြမ်းတယ်။ တချို့ ဘဝက ဆိုးလွန်းတယ်။ ဘဝက ဘာမှ ရေရေရာရာ မရှိ။ ဘဝက အရှုံးတွေ နဲ့သာ ရင်ဆိုင် ရပါတယ်လို့ အမျိုးမျိုး ဖွင့်ဆို နေကြ ပါတယ်။ ဘဝဆိုတာ သတ်မှတ်ချက် တစ်ခုဖြစ်ရင် ဒီ သတ်မှတ်ချက် ကို ရေးထိုးတဲ့ သူဟာ မိမိကိုယ်တိုင် ဖြစ်ပါတယ်။ ခဏတာ စိတ်ခံစားမှု၊ ပျော်ရွှင်မှု တွေအတွက် ပြောင်းလဲပစ် ခဲ့ကြတဲ့ အရာတွေက ဘဝကို အနာတရ ဖြစ်စေ ပါတယ်။ ဘဝကို ဆိုးရွား စေပါတယ်။ ဘဝမှာ မရေရာမှု တွေနဲ့ ကြုံတွေ့ စေနိုင်ပါတယ်။ ဘဝက အနာတရ ဖြစ်အောင် မလုပ်နိုင်။ မိမိ ကိုယ်တိုင်ပင် လုပ်နေကြ တာသာ ဖြစ်ပါတယ်''။

လူရှုပ်သော ဘတ်စ်ကား မှတ်တိုင် တစ်ခုတွင် ဖြစ်သည်။ လမ်းဘေး ဈေးသည်များက ဘဝအရေး ဖြေရှင်းရန် အတွက် အများပိုင် နေရာကို ဟန်ကျကျ နေရာယူကာ ညနေခင်း အလှကို မီးခိုးပူပူ များဖြင့် ဖျက်ဆီး လိုက်ကြသည်။ ကားစောင့် နေသော သူများကလည်း ထိုအပူငွေ့ များကို ရှောင်ရှားရင်း မနီးမဝေး လမ်းဘေး နေရာတွင် အစီအရီ နေရာယူကာ မိမိ သွားလိုသည့် ခရီးအတွက် သင့်တော်သည့် ကားအလာကို စောင့်နေ ကြသည်။ ဘဝ အရေးမို့ ကားခ ငွေကျပ် ၅ဝ၊ ၁ဝဝ သက်သာပါ ကလည်း တစ်ရက်နှင့် တစ်ရက် ပေါင်းလိုက်လျှင် အနည်းငယ် သော အပူမီး များကို ဖြေရှင်း နိုင်မည် မဟုတ်ပါလား။ မိမိ သွားလိုသည့် ခရီး အမြန် ရောက်ရန် လာသည့် ကားပေါ် အလျင်အမြန် တိုးတက်နိုင်ရေး သည်သာ စိတ်တွင် ကပ်နေ ကြသည်။

ထိုအခိုက် ဝတ်ကောင်း စားလှ ဝတ်ဆင် ထားသော မိန်းကလေး တစ်ဦး အနားသို့ ကပ်လာသည်။ ''ကျွန်မကို မှတ်မိလား၊ ကျွန်မတို့ နေရာ တစ်ခုမှာ အတူတူ အလုပ်လုပ်ဖူး တယ်လေ'' အသားဖြူဖြူ ပိန်ပိန်ပါးပါး မိန်းကလေး တစ်ဦး၊ လွယ်ထားသော အိတ်နှင့် ဝတ်ထားသော အဝတ်အစား၊ စီးထားသော ဖိနပ် အားလုံးကို ကြည့်ပြီး ဝန်ထမ်း ဒါမှ မဟုတ် ကျောင်းသူဟု မှတ်ချက်ချ နိုင်လောက်သည့် အနေအထား ဖြစ်သည်။ '' မမှတ်မိဘူး၊ ဘယ်မှာ လုပ်ဖူးတာလဲ မသိဘူး''။ ထိုမိန်းကလေး က အပြုံးမပျက် ပေ။ ''ကျွန်မကို မမှတ်မိလို့ ဖြစ်ပါ လိမ့်မယ်။ ကျွန်မအခု ဆေးရုံက ဆင်းလာတာ နှစ်ရက်ပဲ ရှိသေးတယ်။ ကျွန်မဆေးရုံ တက်လိုက် ရတယ်။ အိမ်နဲ့လဲ အဆက်အသွယ် မရဘူး။ အခု ကျွန်မ အခက်အခဲလေး ဖြစ်နေလို့ ငွေ ၅ဝဝဝ လောက် ကူညီပါလား''။ ခဏ တော့ တွေဝေ သွားသည်။ အပြေးအလွှား စဉ်းစား မိသည်။ ဘယ်မှာမြင်ဖူး သည်ကို စဉ်းစား၍ မရပေ။ ငွေဆိုသော စကားပြော လိုက်သည့်အခါ မစဉ်းစားလို့ မရတော့ပေ။ ဘယ်လိုစဉ်းစား စဉ်းစား ပေါ်မလာပေ။ ထိုမိန်းကလေး ကလည်း နေမကောင်း သည့်ပုံ မပေါ်ပေမယ့် ကိုယ်ထင်သလို မဟုတ်လောက် ပါဘူးဟု တွေးမိသည်။

ထိုသို့ စဉ်းစား နေချိန်ကပင် မိန်းကလေး၏ ရုပ်သွင်ကို ပိုမိုပေါ်လွင် စေခဲ့ပြီ။ တစ်ဖက်ကို ပြန်လှည့် အကြည့်မှာတော့ ထို မိန်းကလေး အနားမှာ မရှိတော့။ စိတ်ထဲတွင်တော့ ကရုဏာ သက်မိသည်။ အားငယ်နေသည့် မျက်နှာ ဖျော့ဖျော့ ကို ပြေးမြင်မိသည်။ သို့သော် ငေးနေလို့ မဖြစ်သေး။ ကားတစ်စီး အဝင်တွင် အပြေးအလွှား တက်ရန် လှမ်းထွက် လိုက်သည်။ မမှီလိုက်ပါ။ ဆက်စောင့် ရပေဦးမည်။ ထို ခဏအနားမှ ''ကျွန်မကို မှတ်မိလား'' ထိုအသံ လတ်လတ် ဆတ်ဆတ် ကြားဖူးသော အသံ။ ဟုတ်ပါသည်။ အစောက မိန်းကလေး နောက်ထပ် တစ်ယောက်ကို...။ ''ဟာ'' ဟုပင် စိတ်ထဲမှ ရေရွတ်မိသည်။ မျက်လုံးချင်း ဆုံမိတော့ တစ်ဖက်ကို အသာလှည့် သွားသည်။ ဘယ်လို အခက်အခဲတွေ နှင့်ကြုံတွေ့ ရလို့ ဒီလို လုပ်ဖို့ စိတ်ဆုံးဖြတ် ခဲ့တာပါလဲ။ ထိုမိန်းကလေးမှာ လူနေ မကောင်းတာ မဟုတ်ပေ။ စိတ် နေမကောင်းခြင်း သည်သာ၊ သူမ၏ ခိုင်မာသည့် စိတ်ဓာတ်တို့ အားနည်း နေခြင်းသာ ဖြစ်မည်။ စိတ်ဓာတ် တို့သည် ရုပ်ရည်နှင့် မလိုက်လောက် အောင် နေမကောင်း ဖြစ်နေပေပြီ။ ထိုစိတ်ကို ကုစား၍ ရမရတော့ သူ့ဘဝသူ ရပ်တည်မှု နှင့်သာ ဆိုင်ပေ လိမ့်မည်။

လူသည် ရုပ်ရည်နှင့် စိတ်ဓာတ်က တွဲဖက် နှိုင်းယှဉ်မရ ဆိုသည်မှာ မှန်ပေမည်။ တစ်ရက် ဆိုင်တွင် ဈေးဝယ်များ စည်နေချိန် အဝတ်အစား သားသား နားနားနှင့် လူငယ် တစ်ယောက် ဖုန်းကတ် ဝယ်ရန် ရောက်လာသည်။ ဆိုင်ကယ်နှင့် လာခြင်းဖြစ်ပြီး တစ်သောင်းတန် ကတ်ကို ဟန်ပါပါ နှင့်ဝယ်သည်။ ငွေမရှင်း သေးဘဲ ဖုန်းကတ်ကို ခြစ်သည်။ ဖုန်းကတ်ခြစ်ရင်း ကွမ်းတံတွေး ထွေးလိုက်၊ တစ်ခါ ဖုန်းကတ် ပြန်ခြစ်လိုက် ဒီလိုနှင့် ခြစ်လိုက်၊ ကွမ်းတံတွေး ထွေးလိုက်နှင့် အခြား ဝယ်သူများကြား ပျောက်ခြင်း မလှ ပျောက်သွားသည်။ လူအကောင်း ပကတိ အားကောင်း မောင်းသန် ယောက်ျား တစ်ယောက်၏ တစ်သောင်းသာ တန်သည့် အားနည်း ချို့တဲ့သည့် စိတ်ဓာတ်ကို အထင်းသား မြင်လိုက် ရသည်။ ဒီလပိုင်း များတွင် ထိုသို့သော တစ်သောင်းတန် စိတ်ဓာတ်နှင့် လူများ အကြောင်း နေရာ တိုင်းတွင် ပြောနေ ကြသည်။

ထို့အတူပင် အထင်ကရ ဟိုတယ်ကြီး တစ်ခုတွင် လုပ်သော တစ်တိုင်းပြည်လုံး နှင့် သက်ဆိုင်သည့် ပွဲတစ်ခုတွင် ဖြစ်သည်။ ပွဲစီစဉ်သူ လူအများက အများအတွက် ရည်ရွယ်သည့် စေတနာနှင့် အချိန်ကုန်ခံ၊ ငွေကုန်ခံ၊ လူပင်ပန်းခံ ကာ လာရောက် ပညာပေး ဟောပြော ကြသည်။ လူတန်းစား မရွေး၊ အဖွဲ့အစည်း မရွေး တက်ရောက် ကြသည်။ ထိုသို့ အများအတွက် ကိုယ်ကျိုး မဖက်ဘဲ လုပ်နေသည့် အချိန်တွင် တချို့သော စိတ်ဓာတ် ချို့ယွင်းသူ များက မိမိ တစ်ဦး တစ်ယောက် ကောင်းအတွက်၊ အဖွဲ့အစည်း တစ်ခုကောင်း အတွက် ကိုယ်ကျိုးရှာ ကြသည်။

ထိုသို့ လူ မကျန်းမာခြင်း ကြောင့် မဟုတ်ဘဲ စိတ် မကျန်းမမာ ဖြစ်နေ ကြသော စိတ်စွမ်းရည် မပြည့်ဝ ကြသော လူများ လူမှု ပတ်ဝန်းကျင် တွင် တိုးပွား လာသည်နှင့် အမျှ မိမိအိမ်၊ မိမိရပ်ကွက်၊ မိမိမြို့၊ မိမိတိုင်းပြည် တွင် နစ်နာမှုများ ရှိလာနိုင်သည်။ ငါဆိုသော အတ္တကို ရှေ့တန်းတင် သော လူ့ အသိုင်းအဝိုင်း တွင် လူသားချင်း စာနာ ထောက်ထားခြင်း ဆိုသည့် အချက်မှာ ထိုသူတို့ စိတ်ထဲ ရိုက်သွင်း ပေးသည့် တိုင်အောင် လက်ခံ နိုင်သည့် စိတ်ကျန်းမာရေး အခြေခံမရှိ၊ ထို စိတ်မကျန်းမာ သော သူများမှာ စိတ် ဝေဒနာရှင်ဟု အများ လက်ခံ ထားသည့် သူများထက် ပိုမို နားလည်ရ ခက်ပြီး ပိုမို ကုစားရ ခက်သည်။ မည်သို့သော နည်းလမ်းများဖြင့် ကုစား ရမည်နည်း။ ဉာဏအားဖြင့် မလုပ်နိုင်လျှင် ကာယအားဖြင့် လုပ်ဆောင် ကြရမည်။ ကံ အကြောင်းပြကာ လွယ်လွယ်တောင်း၊ လွယ်လွယ်ယူ တတ်သော လူတွင် လွယ်လွယ်ရသော ဘဝဆိုတာ လည်း ရှိမလာ နိုင်ပါ။ ပိုပြီး ခက်ခဲကြမ်းတမ်း နိုင်သည်။ ထိုအခက်အခဲ ဖြေရှင်းရန်မှာ မိမိတွင် ကောင်းမွန် ခိုင်မာသော စိတ်ဓာတ် အခံရှိရန် လိုအပ်သည်။ ဘဝတစ်ခု တည်ဆောက် ရာတွင် လူကျန်းမာရေး ကိုသာ ဂရုမပြုဘဲ စိတ်ကျန်းမာ ရေးကိုလည်း အလေးထား သင့်သည်။

သို့မှသာ လူမှု ပတ်ဝန်းကျင် နှင့် မိမိဘဝ နှစ်ဦးနှစ်ဖက် လုံး သာယာ ပျော်ရွှင်ဖွယ် ဖြစ်ပေ လိမ့်မည်။ မိမိ ကိုယ်တိုင်လည်း ထိုသို့သော စိတ်မကျန်းမာ သူများနှင့် တွေ့ဆုံခဲ့ သည့်တိုင် သူတို့အပေါ် မေတ္တာ မထား နိုင်ဘဲ ဒီလိုလူတွေ နှင့် တွေ့ကြုံ ရလေခြင်းလို့ တသသ ဖြစ်နေသည့် မိမိ၏ မကျန်းမမာ ဖြစ်နေသော စိတ်ကို အရင်ကုစား ရပေ ဦးမည်။

#Yadanarpondaily

No comments:

Post a Comment