Pages

Sunday, May 18, 2014

စာတတ်မြောက်ရေး လှုပ်ရှားမှုမှ အမျိုးဂုဏ် ဇာတိဂုဏ် မြှင့်တင်ရေးသို့


စာတတ်မြောက်ရေး လှုပ်ရှားမှုမှ အမျိုးဂုဏ် ဇာတိဂုဏ် မြှင့်တင်ရေးသို့

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် တွင် အခြေခံ စာတတ် မြောက်ရေး လှုပ်ရှားမှု များကို ၂ဝ၁၄ ခုနှစ် ဧပြီ ၁ ရက်မှ မေ ၁၅ ရက်အထိ မြို့နယ် ၂၉ မြို့နယ်ရှိ ကျေးရွာ ၁၁၆၃ ရွာ၌ စာသင်ဝိုင်း ၄၄၄၇ ဝိုင်းဖြင့် ဆောင်ရွက် ခဲ့ကြရာ စာသင်သား ၄၆၄၇၉ ဦးတို့အား အခြေခံ စာတတ် မြောက်အောင် သင်ကြား ပေးနိုင်ခဲ့ သည်။ အခြေခံ စာတတ် မြောက်ရေး လှုပ်ရှားမှုများ၌ တက္ကသိုလ် ကျောင်း ၃ဝ မှ အခြေခံ စာတတ် မြောက်ရေး နည်းပြ သင်တန်း တက်ရောက်ပြီး သည့် လုပ်အားပေး တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ၄၂၆၁ ဦးတို့က ကြီးကြပ်သူ ဆရာ၊ ဆရာမ ၄ဝ၃ ဦးနှင့်အတူ အခြေခံ စာတတ် မြောက်ရေး စာစဉ်များဖြင့် သင်ကြား ပြသပေး ခဲ့ကြသည်။

၂ဝ၁၄ ခုနှစ် အခြေခံ စာတတ် မြောက်ရေး လှုပ်ရှားမှု ဂုဏ်ပြုပွဲ အခမ်းအနားကို မန္တလေး မြို့တော်ခန်းမ ၌ မေ ၁၅ ရက် ညနေ ၅ နာရီတွင် ကျင်းပခဲ့ရာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တက်ရောက် အမှာစကား ပြောကြား ခဲ့သည်။ နိုင်ငံတော် သမ္မတ က ဂုဏ်ပြု အမှာစကား ပြောကြား ရာတွင် မိမိတို့ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး အတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး ကဏ္ဍများကို ကြိုးပမ်း ဆောင်ရွက် ရာတွင် အခြေခံ လိုအပ် ချက် ဖြစ်သည့် နိုင်ငံသား အားလုံး စာတတ်မြောက် ရေးသည် အရေးကြီးသော လိုအပ်ချက် တစ်ခု ဖြစ်ပါကြောင်း၊ အလိမ္မာ စာမှာရှိ ဆိုသကဲ့သို့ စာတတ်မှသာ အမှားအမှန် ကို ခွဲခြား သိနိုင်မည် ဖြစ်ပြီး အကောင်းအဆိုး ကိုလည်း ဆုံးဖြတ်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် စာတတ် မြောက်ရေးကို ရှေးဘုရင်များ လက်ထက်မှ စပြီး အစိုးရ အဆက်ဆက် ကြိုးပမ်း ဆောင်ရွက် ခဲ့ကြခြင်း ဖြစ်ပါကြောင်း၊ စာပေ ပျောက်လျှင် လူမျိုးပါ ပျောက်သွား နိုင်သည့် အတွက် လူမျိုး မပျောက်အောင် စာပေ တတ်မြောက်ရေး သည် အမျိုးသားရေး တာဝန် ဖြစ်ပါကြောင်း ဖြင့် ပြောကြား ခဲ့သည်။

အလိမ္မာ စာမှာရှိ ဆိုသကဲ့သို့ စာတတ်မှသာ အမှားအမှန်ကို ခွဲခြား သိနိုင်ပြီး အကောင်းအဆိုး ကိုလည်း ဆုံးဖြတ် နိုင်ရန် စာတတ်ပြီးသော ပြည်သူများက စာဖတ်ကြ ရမည် ဖြစ်သည်။ မိမိ ဖတ်ပြီးသော စာမှရရှိသည့် ဗဟုသုတ နှင့် အတွေးအမြင် တို့ကိုလည်း အခြား သူများအား မျှဝေကြပါက ပိုမို အကျိုးပြု နိုင်မည် ဖြစ်သည်။ စာရေးဆရာ တို့တွင် အဓိက အားဖြင့် ရည်ရွယ်ချက် နှစ်မျိုး ရှိတတ်ကြရာ စာဖတ်သူအား အသိပညာ ဗဟုသုတ ပေးလိုသော ရည်ရွယ်ချက် နှင့် စာဖတ်သူ၌ စေတနာ ဖြစ်လာစေရန် နှိုးဆော်ပေး လိုသော ရည်ရွယ်ချက် တို့ ဖြစ်သည်ဟု ဆိုပါသည်။

စေတနာ နှိုးဆော်စာ မျိုးမှာ စာရေးဆရာ သိသော အကြောင်းအရာ တို့ကို အခြေပြု၍ စာရေးသူ၏ စေတနာကို အဓိက ထားကာ စိတ်ကူးဉာဏ် တည်းဟူသော ဆေးရောင်စုံဖြင့် ခြယ်၍ ရေးသည်။ ထို့ကြောင့် စာဖတ်သူထံသို့ စာရေးသူ၏ စိတ်ကူးဉာဏ် လွှမ်းမိုးလာပြီး နှစ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း၊ သနားခြင်း၊ စိတ်ထက်သန်ခြင်း၊ ရဲရင့်ခြင်း၊ အံ့သြခြင်း၊ ချစ်ခင် မြတ်နိုးခြင်း၊ စက်ဆုပ်ခြင်း နှင့် ကဲ့ရဲ့ခြင်း တို့ ဖြစ်လာသည်။ ဤသို့ ဖြင့် စာဖတ်သူသည် မိမိ ပတ်ဝန်းကျင်ကို ခံစားမှု အသိဖြင့် ဆင်ခြင်တုံ တရားတို့ ပေါင်းစပ်၍ အမှားအမှန်၊ အကောင်းအဆိုး၊ အကျိုးအပြစ် တို့ကို သဘောပေါက် လာပြီး ဘဝအသိ ရရှိနိုင်မည် ဖြစ်သည်။

စာပေ ပညာရှင်ကြီး များ၏ အဆိုအမိန့် အရ စာပေ အမျိုးအစား ခွဲခြားကြရာ၌ အရည်မရ အဖတ်မရ ကွမ်းဝါး သကဲ့သို့ စာပေမျိုး၊ အရည်သာ ရ၍ အဖတ်မရ သော ကြံရည်ကဲ့သို့ စာပေမျိုးနှင့် အရည်ရော အဖတ်ပါ စားရသည့် နို့မလိုင်ကဲ့သို့ စာပေမျိုးဟူ၍ သုံးမျိုး ရှိကြောင်းနှင့် စာဖတ်ရာတွင် အရည်ရော အဖတ်ပါ စားရပြီး အာဟာရ နှင့်လည်း ပြည့်စုံသော နို့မလိုင်ကဲ့သို့ စာပေမျိုးကို ဖတ်ကြရန် သွန်သင်ခဲ့ ကြသည်။

သို့ဖြစ်၍ အလိမ္မာ စာမှာရှိ ဆိုစကား အတိုင်း စာတတ်မြောက်ရေး လှုပ်ရှားမှုများ ဆောင်ရွက် နေကြချိန် တွင် တစ်ဖက် ကလည်း အမျိုးဂုဏ်၊ ဇာတိဂုဏ် စောင့်ထိန်း မြှင့်တင်ရေး အတွက် အာဟာရ ဖြစ်စေမည့် စာပေများ ဖတ်ရှု လေ့လာနိုင်ရန် အားပေး ဆောင်ရွက် ကြရန် တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

No comments:

Post a Comment