Pages

Wednesday, May 14, 2014

လေဖြတ်ရောဂါ သတိပြုစရာ


လေဖြတ်ရောဂါ သတိပြုစရာ

" အာရောဂျံ ၊ ပရမံ ၊ လာဘံ " ကျန်းမာခြင်းသည် လာဘ်ကြီး တစ်ပါးဟူ၍ မြတ်စွာဘုရား ဟောကြား တော်မူ ထားသည်။ လူတိုင်း ကျန်းမာရေး နှင့် ပြည့်စုံရန် လိုအပ်ပြီး ကိုယ်ခန္ဓာ ကျန်းမာ သန်စွမ်းစွာဖြင့် အသက်ရှည်ရှည် နေနိုင်ခြင်းသည် လူ့ဘ၀၏ အနှိုင်းမဲ့သော ဆုလာဘ်ပင် ဖြစ်သည်။

လူတို့သည် ကျန်းမာစွာဖြင့် နေထိုင် သွားလာ နိုင်ချိန်တွင် အဆင်ပြေ ကောင်းမွန် သော်လည်း ကျန်းမာရေး မကောင်းမွန်၍ အိပ်ရာပေါ်တွင် ဘ၀ကို အဆုံးရှုံးခံ နေကြရသူ များလည်း ရှိသည်။ ထိုကဲ့သို့ လူ့ဘ၀ကို ဆုံးရှုံး စေသော ရောဂါများထဲတွင် လေဖြတ်ရောဂါ သည်လည်း တစ်ခု အပါအ၀င် ဖြစ်သည်။

လေဖြတ်ခြင်း ရောဂါသည် ဘ၀ သေဆုံးခြင်း ၏ အဓိက အကြောင်းရင်း ဖြစ်သကဲ့သို့ နာတာရှည် မသန်မစွမ်း ဖြစ်ကာ ကျန်ရစ်စေသော အကြောင်းရင်း တစ်ရပ်လည်း ဖြစ်သည်။ လေဖြတ်ရောဂါ ဆိုသည်မှာ ဦးနှောက်သို့ သွေး သွားလာမှု ရပ်ဆိုင်း သွားခြင်းကြောင့် ဖြစ်ပေါ် လာသော ရလဒ် ဖြစ်သည်။

ဦးနှောက်သည် ၄င်း၏ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လုံလောက်သော သွေးပုံမှန် ရရှိဖို့ လိုအပ်သည်။ မရရှိပါက ၄င်း အစိတ်အပိုင်း မှ လုပ်ငန်းများ ရပ်ဆိုင်း သွားသဖြင့် လေဖြတ်ရောဂါ လက္ခဏာ များကို ဖြစ်ပေါ် စေသည်။ အဓိကအားဖြင့် ဦးနှောက် သွေးကြောပိတ်၍ လေဖြတ်ခြင်း နှင့် ဦးနှောက်အတွင်း သွေးကြောပေါက်၍ လေဖြတ်ခြင်း ဟူ၍ နှစ်မျိုးရှိသည်။

လေဖြတ်ရောဂါ ကာကွယ်ရေး အဖွဲ့ကြီး ( World Stroke Organization ) က ကမ္ဘာပေါ်တွင် လူ ၆ ဦးလျှင် တစ်ဦးနှုန်း တစ်ချိန်ချိန်တွင် လေဖြတ်ရောဂါ ဖြစ်နိုင်သည်ဟု ဆိုထားရာ အသက်အရွယ် ၊ ကျား ၊ မ မရွေး ၊ နေရာဒေသ မရွေး ၊ စက္ကန့်တိုင်းတွင် လေဖြတ်ရောဂါ ဖြစ်နိုင်ကြောင်း သတိပြု ရပါမည်။

လေဖြတ်ရောဂါ သည် လူကြီးများတွင် သာမက လူငယ် လူရွယ် များတွင်လည်း ဖြစ်ပွားမှုနှုန်း များပြား လာကြောင်း တွေ့ရှိ လာရသည်။ အကြောင်းမှာ လူငယ်လူရွယ် များသည် နေ့စဉ် လူမှု စီးပွားရေး လုပ်ငန်းများ အတွက် ရုန်းကန် လှုပ်ရှားရ သဖြင့် စိတ်ဖိစီးမှု များခြင်း ၊ ဆေးလိပ် ၊ အရက် သေစာ သောက်စားခြင်း တို့ကြောင့် ဖြစ်သည်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး ( WHO ) ၏ ဦးဆောင်မှုဖြင့် ကမ္ဘာ့ လေဖြတ်ရောဂါ ကာကွယ်ရေး အဖွဲ့ကြီး ကို ၂၀၀၆ ခုနှစ်တွင် စတင် ဖွဲ့စည်း ခဲ့သည်။ မြန်မာနိုင်ငံ တွင်လည်း ကျန်းမာရေး ၀န်ကြီးဌာန ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ဆရာဝန် အသင်း (ဗဟို) နှင့် ဦးနှောက် နှင့် အာရုံကြော ဆေးပညာ အဖွဲ့ငယ်တို့ မှ လေဖြတ်ရောဂါ ဝေဒနာ စောင့်ရှောက်ရန် Stoke Unit များ ၊ Stoke Group များဖွဲ့၍ ကာကွယ်ရေး ၊ ကုသရေး ၊ ပြန်လည် ထူထောင်ရေးများ ဆောင်ရွက် ပေးလျက် ရှိသည်။

သို့ဖြစ်ရာ လေဖြတ်ရောဂါ သည် အရေးပေါ် ကုသရန် လိုအပ်သော ရောဂါဖြစ်သည်။ ထို့ကြောင့် လူတိုင်း လူတိုင်း အနေဖြင့် လေမဖြတ်မီ ကြိုတင် သတိပေးသည့် ရှေ့ပြေး လက္ခဏာများ ကို ခံစားရလျှင် ချက်ချင်း စနစ်တကျ ကုသမှု ခံယူရန် လိုအပ်ကြောင်း နှင့် ကျန်းမာရေး အသိ ၊ ကျန်းမာရေး သတိ ရှိရန် လိုအပ်ပါကြောင်း အသိပေး ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment