Pages

Saturday, April 5, 2014

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ( WHO ) က ကြေညာသော ပိုလီယိုရောဂါ ကင်းစင်သည့် နိုင်ငံများတွင် မြန်မာနိုင်ငံ ပါဝင်လာ


ရန်ကုန် ၊ ၅-၄-၂၀၁၄

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ ( WHO ) က အာရှဒေသရှိ ပိုလီယိုရောဂါ ကင်းစင်သော နိုင်ငံများ စာရင်းကို ထုတ်ပြန် ကြေညာရာတွင် မြန်မာနိုင်ငံ သည်လည်း အပါအ၀င် ဖြစ်ပြီး အသက် အန္တရာယ် ပေးနိုင်သော ပိုလီယို ရောဂါပိုးအား နှိမ်နင်းရာတွင် အောင်မြင်သော နိုင်ငံ တစ်နိုင်ငံ အဖြစ် အသိအမှတ် ပြုခြင်း ခံခဲ့ရသည်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ ( WHO ) က ပိုလီယို ရောဂါ ကင်းစင်ကြောင်း ကြေညာ ခဲ့သော နိုင်ငံများထဲတွင် မြန်မာနိုင်ငံ နှင့် အတူ အိန္ဒိယ ၊ အင်ဒိုနီးရှား ၊ မော်လ်ဒိုက် ၊ နီပေါ ၊ သီရိလင်္ကာ ၊ ထိုင်း ၊ အရှေ့တီမော ၊ ဘင်္ဂလားဒေ့ရှ် ၊ ဘူတန် နှင့် တောင်ကိုရီးယား နိုင်ငံ တို့ ပါဝင်ခဲ့ကြပြီး အဆိုပါ နိုင်ငံများတွင် ပိုလီယို ရောဂါကို တားဆီး ကာကွယ်ရာ၌ ရာနှုန်းပြည့် နီးပါး အောင်မြင် ခဲ့ကြောင်း မှတ်တမ်းတင် ခဲ့သည်။

ကမ္ဘာပေါ်တွင် နိုင်ဂျီးရီးယား ၊ အာဖဂန်နစ္စတန် ၊ ပါကစ္စတန် နိုင်ငံ စသည့် နိုင်ငံများတွင် ယခုအချိန် အထိ ပိုလီယို ရောဂါကို တွန်းလှန် နေရဆဲ ဖြစ်သော်လည်း လူများ နေထိုင်ရာ ကမ္ဘာ့ဒေသ အားလုံး ၏ ၈၀ ရာခိုင်နှုန်း ခန့်သည် ပိုလီယို ရောဂါပိုး ကင်းစင် သွားပြီ ဖြစ်ကြောင်း WHO ၏ ထုတ်ပြန် ကြေညာချက် အရ သိရသည်။ ထိုသို့ ပိုလီယို ရောဂါ တိုက်ဖျက်ရာတွင် အောင်မြင်မှုများ ရရှိသော်လည်း ၂၀၁၈ ခုနှစ်တွင် ကမ္ဘာ့နေရာ ဒေသတိုင်း၌ ပိုလီယို ရောဂါ ကင်းစင် ပပျောက်ရေး အတွက် ကြိုးပမ်း လုပ်ဆောင်ရန် အရေးကြီးသော စိန်ခေါ်မှု တစ်ရပ် အနေဖြင့် ကျန်ရှိ နေသေးသည့် အတွက် ၀ိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရန် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က တိုက်တွန်း ထားသည်။

ပိုလီယိုရောဂါ သည် အသက် ၅ နှစ်အောက် ကလေးငယ်များ တွင် အဖြစ်များပြီး ၄င်း ဗိုင်းရပ်စ်ပိုး သည် မသန့်ရှင်းသော အစားအစာ နှင့် သောက်သုံးရေ တို့ကို စားသုံး မိရာမှ အစာအိမ် အူလမ်းကြောင်း ထဲတွင် ရောဂါပိုးများ ၀င်ရောက် ပွားများလာကာ ထိုမှတစ်ဆင့် အာရုံကြော များကို ဖျက်ဆီးပစ် သောကြောင့် ကြွက်သားများ အားနည်း လာကာ အကြောသေ ရောဂါ ဖြစ်ပွားလာခြင်း ဖြစ်ကြောင်း ၊ ပိုလီယိုရောဂါ ကို ပျောက်ကင်းအောင် ကုသနိုင်သော ဆေးဝါး နှင့် ကုထုံးများ မပေါ်သေး သော်လည်း ကာကွယ်ဆေး တိုက်ကျွေးခြင်း ဖြင့် ကြိုတင် ကာကွယ်နိုင်ကြောင်း နှင့် မြန်မာနိုင်ငံ တွင် ကျန်းမာရေး ၀န်ကြီးဌာန မှ ဦးစီး၍ ကလေး သူငယ်များကို ပိုလီယို ရောဂါ ကာကွယ်ဆေး တိုက်ကျွေးခြင်းများ နှစ်စဉ် လုပ်ဆောင်လျက် ရှိကြောင်း သိရှိရသည်။ (ဆောင်းဦး)

No comments:

Post a Comment