Pages

Monday, April 7, 2014

နွေတံခါးအဖွင့် နှင့် ပွင့်နေသော မျက်လုံးများ


နွေတံခါးအဖွင့် နှင့် ပွင့်နေသော မျက်လုံးများ

မဒါလေး

နွေရွက်ကြွေ များကို လူအမျိုးမျိုး က ခံစားမှု အမျိုးမျိုးဖြင့် ဖွဲ့ဆိုသည့် အခါ နွေသည် လှ၏။ နွေဦးနှင့် အတူ ရောက်ရှိ လာသော မဟာသင်္ကြန်ပွဲ ကို ဆင်နွှဲခွင့် ရသည့် အခါ ရိုးရာ၏ အရသာကို ခံစား မိ၏။ နွေ၏ ပေါက်ကွဲခြင်း နှင့်အတူ ပြင်းပြသော ခရမ်းလွန် ရောင်ခြည် အောက်ကို ဖြတ်လျှောက်ကြ သူများကြား ဘဝကို ရုန်းကန် လှုပ်ရှား ရချိန်မှာတော့ ပင်ပန်း နွမ်းလျမှုက အတိုင်း မသိပေ။

နွေရာသီ ရောက်ပြီ ဆိုရင်ဖြင့် မြို့တိုင်း၊ ရွာတိုင်း၊ နေရာတိုင်းမှာ ကြားနေ ရတာက ''မီးသတိ ပေးသံ'' ပင် ဖြစ်သည်။ အချို့ဒေသ များမှာ ဆိုလျှင်ဖြင့် နွေရာသီ ရောက်သည် ဆိုရုံနှင့် မီးဘေး ကြိုတင် ကာကွယ်ရေး အစီအမံ များကို မိမိတို့ နေရာ ဒေသ အလိုက်၊ ရပ်ရွာအလိုက် အစီအမံများ ချမှတ်ကာ စုပေါင်း ဆောင်ရွက် ကြသည်။ နွေရာသီသည် ပူလောင်မှု များစွာကို တံခါးဖွင့် ကြိုဆိုလျက် အရှိန်အဟုန် နှင့် ရောက်လာသည်။

နွေနေပူပူ၏ အရှိန်အဝါ နောက်တွင် အသက်အရွယ် ကြီးရင့်သူများ အလူးအလဲ ခံစား ကြရသည်။ ကလေး သူငယ်များ မခံမရပ် နိုင်အောင် ဖြစ်ကြ ရသည်။ အရွယ်ရောက် သူတိုင်း အံကြိတ်ကာ နွေ၏ အပူဒဏ်ကို ခံကြရသည်။ သူ့ကို လွန်ဆန်ပြီး ဘဝကို ဖြတ်ကျော်လို့ မရပြီ မဟုတ်ပါလား။ ဒီနှစ်လည်း အပူရှိန် မြင့်သထက် မြင့်လာသော နွေကို ကြိုဆို ရပေ ဦးမည်။ နွေဦး အကြို တေးသံကို ဥသြသံ တို့ဖြင့် မဖွင့်စေ လိုပါ။ နွေဥသြ ကတော့ သာယာလှ ပါသည်။ သို့သော် အချို့သော ဥသြ သံများမှာ ဘဝကို ဖြိုခွဲ ဖျက်ဆီးနိုင် လေသည်။

နွေသည် သဘာဝ ဖြစ်သောကြောင့် သူ့ကို အပြစ်မတင် လိုသော်လည်း သူနှင့် အတူ ပါလာသော ပူလောင်ခြင်း များကြောင့်သာ နွေသည် အဆိုးမြင် စရာကြီး ဖြစ်နေ ရသည်။ ထိုအရာ သည်လည်း ဘယ်သူမပြု မိမိမှုပင် မဟုတ် ပါလား။ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်း ရမှန်း နားမလည် ခင်က သဘာဝကို အလွန်အကျွံ ဖျက်ဆီးခဲ့ ကြသည်။ အရွယ် ရောက်လို့ နားလည် ချိန်မှာတော့ လက်လွန် သွားခဲ့ပြီ။ အသိဉာဏ် မရှိသော လူများ ကြောင့်ပင် သဘာဝသည် သဘာဝ မဟုတ်သည့် အလား လူများအပေါ် ခပ်စိမ်းစိမ်း နေခဲ့ပြီ မဟုတ်ပါလား။

နွေတံခါးတို့ ဖွင့်လိုက် သည်နှင့် အေးမြခြင်း အထိအတွေ့အလျဉ်းမရှိ သည့်အပြင် စိုးရိမ်စိတ် များဖြင့် မျက်လုံးကိုဖွင့် နားကိုစွင့် ထားကြရသည်။ မီးဆိုသော ရန်သူသည် တံခါး မခေါက်ဘဲ အချိန်မရွေး ဝင်လာ နိုင်သည်။ ''မီးဟေ့...မီး'' ဆို သည်နှင့် အသင့် အနေအထား ဖြစ်နေရန် လိုအပ်သည်။ နွေရက်များ၏ ညကို သတိကပ်ဖို့ အတွက် အပူရှိန်သည် မျက်လုံးကို ပွင့်နေ စေသည်။ နားကို စွင့်နေ စေသည်။ ထိုအချက် ကပင် နွေကို ကျေးဇူးတင် ရမလိုလိုပင်။ ထိုသို့ အကြောင်းအရာ များရှိနေ စေကာမူ သတိမမူသော လူများကြောင့် နွေသည် မီးကို လောင်စေသော၊ ရေကို ခန်းခြောက် စေသော၊ လူကို သေစေသော လက်နက်ဖြစ် ခြင်းမက ဖြစ်လာသည်။ ကြိုတင်
သတိပေး ဆိုင်းဘုတ် များသည် လူများ၏ သတိမဲ့မှု အောက်တွင် ကျရှုံး ကြရသည်။ နွေအစမှာပင် မန္တလေးတောင် ပတ်ဝန်းကျင်တွင် တောမီး လောင်သည်။ တစ်ပင်နှင့် တစ်ပင် ပွတ်တိုက် လောက်အောင် လေကို တားဆီး ထားသော နွေတံခါးကို ဘယ်အရာက ချိုးဖျက်ခဲ့ သနည်း။ အဖြေရှာတော့ ပေါ့ဆစွာ ဆေးလိပ် စွန့်ပစ်သည့် အသိဉာဏ် မရှိသည့် လူသား၏ လက်ဆောင် ပင်တည်း။ သတိမမူ လိုက်သော ခဏတာ အတွက် လူပေါင်း များစွာ
စိုးရိမ် ထိတ်လန့် ခဲ့ရသော နာရီများ စွာကို ထိုသူသည် သတိမှ ထားမိခဲ့ ပါရဲ့လား။

ညအချိန် မအိပ်နိုင် ရှာတဲ့ မီးကင်းစောင့် တဲလေးရဲ့ဘဝကို စာနာ မိကြ ပါရဲ့လား။ နွေ၏ ဒဏ်ကို ကျောကော့အောင် ခံရင်း အိပ်မပျော် နိုင်ကြတဲ့ သူတွေ အတွက် စဉ်းစားမိကြ ပါရဲ့လား။ မီးသတ် ဌာနက တာဝန်ကျ နေတဲ့ ဝန်ထမ်း တစ်ယောက် ရဲ့ မြည်လာသော ဖုန်းသံ ကြားတဲ့ အခါ ဖြစ်လာခဲ့တဲ့ ရင်ခုန်သံကို ခံစားမိကြ ပါရဲ့လား။ နှလုံးသား နုနယ်သူ တွေအတွက် နွေသည် စာနာမှု၊ ဖေးမ ကူညီမှု၊ စည်းကမ်း ထိန်းသိမ်းမှု တို့ဖြင့် ဝန်းရံထားပြီး တာဝန်မဲ့ သူတွေ အတွက် နွေဟာ လောင်မြိုက်ခြင်း ကို လက်ဆောင် ပေးနိုင်တယ် ဆိုတာကိုတော့ ဘယ်သူမှ မသိဘဲ နေမယ် မထင်ပါ။ နွေလယ်ကောင် ညတစ်ည၏ ကြောင် တောင်တောင် မျက်လုံးတွေက နွေတံခါးမှ ဝင်ရောက် လာမယ့် တံခါးမခေါက် တတ်တဲ့ 'မီး' ဆိုတဲ့ ဧည့်သည်ကို နားစွင့်လျက်...။

No comments:

Post a Comment