Pages

Friday, April 4, 2014

ယဉ်ကျေးသော မြန်မာ့ရိုးရာ သင်္ကြန် ဖြစ်အောင် ဆင်နွှဲသင့်


ယဉ်ကျေးသော မြန်မာ့ရိုးရာ သင်္ကြန် ဖြစ်အောင် ဆင်နွှဲသင့်

ကမ္ဘာ့ နိုင်ငံတိုင်းတွင် မိမိတို့ နိုင်ငံအလိုက် ကျင်းပလေ့ ရှိသည့် ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ပွဲတော် များသည် မိမိတို့ နိုင်ငံ၏ ရိုးရာ အစဉ်အလာကို ဖော်ထုတ် ပြသခြင်း ဖြစ်သလို မိမိတို့၏ ဓလေ့စရိုက် အစဉ်အလာ မည်မျှ မြင့်မားကြောင်း ကိုလည်း ထုတ်ဖော် ပြသ လိုက်ခြင်း ဖြစ်ပေသည်။

ကျွန်ုပ်တို့ မြန်မာနိုင်ငံ တွင် မကြာမီ ကျင်းပ တော့မည့် တန်ခူးလတွင် ကျင်းပသော သင်္ကြန်ပွဲတော် သည် မြန်မာနိုင်ငံ အတွက် ပျော်ရွှင်ဖွယ် အကောင်းဆုံး ယဉ်ကျေး အသိမ်မွေ့ဆုံး ပွဲတော် ဖြစ်ပေရာ မြန်မာ နိုင်ငံသား အားလုံး အတွက် သာမက နိုင်ငံတကာ အတွက်ပါ စိတ်ဝယ် ညွတ်နူးပြီး ပျော်မွေ့ဖွယ် အကောင်းဆုံး ပွဲတော် ဖြစ်သင့် ပေသည်။

မြန်မာ နှစ်ဟောင်း ကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်း ရောက်ရှိ တော့မည့် အခါ သမယတွင် နှစ်သစ်ကို ကြိုဆိုသော အားဖြင့် အတာရေဖြင့် ပက်ဖျန်းကာ နှစ်ဟောင်းမှ အညစ်အကြေး များကို ဆေးကြော သန့်စင်သည့် သဘောလည်း ဖြစ်ပေသည်။

နှစ်စဉ်နှစ်တိုင်း လတန်ခူးတွင် အစဉ်အလာ မပျက် ပျော်ရွှင်ဖွယ်ရာ ဓလေ့များ နှင့်ရေပက် ကစား ကြရာတွင် ယခုနှစ် သင်္ကြန်ကာလ အတွက် အပူဒဏ်ကို ခံစား ရနိုင်ခြင်း နှင့် တည်ငြိမ် အေးချမ်းမှုကို အလေးဂရုပြု ရခြင်းတို့ အတွက် နိုင်ငံသား အားလုံးက အလေးအနက် ထား လိုက်နာ ဆောင်ရွက်သင့် ပေသည်။

အထူးသဖြင့် မြန်မာ့ရိုးရာ အတာသင်္ကြန် ၏ အနှစ်သာရ ဖြစ်သည့် အမျိုးသား ယဉ်ကျေးမှုကို ထိန်းသိမ်းရန်၊ သရုပ်ပျက် ယဉ်ကျေးမှုကို ရှောင်ကြဉ်ရန်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် ကို မြန်မာ့ ယဉ်ကျေးမှု သင်္ကြန်ဖြင့် မြှင့်တင်ရန် တို့ကို ထိန်းသိမ်း စောင့်ရှောက် ကြရမည် ဖြစ်ပေသည်။

သင်္ကြန်ကာလ အတွင်း သူသူငါငါ မသိသူများ နှင့် ပြောဆို ဆက်ဆံကြ ရာတွင် ယဉ်ကျေး သိမ်မွေ့ဖွယ် စိတ်ထားများ ထားခြင်း၊ မေတ္တာတရား ထားခြင်း၊ ရိုင်းပင်း ကူညီခြင်း၊ အယုတ်အလတ် အမြတ်မရွေး ခွဲခြား ဆက်ဆံခြင်း မရှိဘဲ လူသားအားလုံး အေးမြ စေကြောင်း စေတနာ ကောင်းဖြင့် ပြုမူ ဆက်ဆံခြင်း တို့ ပြုကြရမည် ဖြစ်ပေသည်။

အထူး သတိပြု ရမည်မှာ ယဉ်ကျေးသော မြန်မာ့ရိုးရာ သင်္ကြန်ကို ညစ်နွမ်း စေမည့် အပြုအမူ နှစ်ရပ် ဖြစ်သော သရုပ်ပျက် ယဉ်ကျေးမှု နှင့် မူးယစ် သောက်စား ရမ်းကားမှု ဖြစ်သည်။ ထိုအပြုအမူ နှစ်ရပ်သည် ရိုးရာ ယဉ်ကျေးမ သင်္ကြန်ကို အကျည်းတန် အရုပ်ဆိုး စေမည်မှာ သေချာလှ ပေသည်။

သို့ဖြစ်ရာ ပူပြင်းသော နွေကာလ ဖြစ်၍ မိမိတို့၏ ကျန်းမာရေး အတွက် လည်းကောင်း၊ ပတ်ဝန်းကျင် တွင် မဖြစ်သင့် မဖြစ်ထိုက်သော အန္တရာယ်များမဖြစ်ပေါ် စေရေး အတွက် လည်းကောင်း၊ မူးယစ် သောက်စားခြင်း ကို အထူး ရှောင်ကြဉ်ကာ မကောင်းမှု ဒုစရိုက်များ ကင်းစင်သည့် ယဉ်ကျေးသော မြန်မာ့ရိုးရာ သင်္ကြန် ဖြစ်အောင် ပျော်ရွှင် ဆင်နွှဲ သင့်ပါကြောင်း သတိပေး ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment