Pages

Sunday, April 20, 2014

ကျန်းမာရေးအသိ ကျန်းမာရေးသတိ ဖြင့် အပူဒဏ်ကို ကာကွယ်


ကျန်းမာရေးအသိ ကျန်းမာရေးသတိ ဖြင့် အပူဒဏ်ကို ကာကွယ်

ယခု အချိန်အခါ သည် ပူပြင်းသော တန်ခူးလ သို့ ရောက်ရှိ နေပြီ ဖြစ်သဖြင့် တိုင်းရင်းသား ပြည်သူ အပေါင်း တို့သည် အပူဒဏ် ကာကွယ် နိုင်ရေး အတွက် ကျန်းမာရေး အသိ၊ ကျန်းမာရေး သတိဖြင့် နေထိုင် ကြရမည် ဖြစ်သည်။

ကမ္ဘာမြေ ပေါ်သို့ ခရမ်းလွန် ရောင်ခြည် ကျရောက်မှု ဒဏ်မှ သက်သာ စေရန် ကာကွယ် ပေးသော အိုဇုန်းလွှာ ပါးလွှာမှုသည် ကမ္ဘာ့ လူသားနှင့် သတ္တဝါ တို့၏ ရှင်သန် နေထိုင်မှုကို တိုက်ရိုက် ခြိမ်းခြောက်လျက် ရှိပြီး ဂေဟစနစ်ကို ဆိုးဝါးစွာ ထိခိုက်လျက် ရှိသည်။ အပူဒဏ်ကြောင့် မလိုလား အပ်သော ဆိုးကျိုးများ မဖြစ်ပေါ် စေရန် ကြိုတင် ကာကွယ်မှုများ ပြုလုပ် ထားကြ ရမည် ဖြစ်သည်။ မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်သော သတင်းများ အရ ဧပြီ ၁၈ ရက်တွင် ရှိသော နေ့ အပူချိန် များမှာ မကွေးနှင့် ဂန့်ဂေါမြို့ တွင် ၄၃ ဒီဂရီ စင်တီဂရိတ်၊ ကလေးဝ၊ ကန့်ဘလူ၊ ညောင်ဦး၊ ချောက်နှင့် မင်းဘူးမြို့ တို့တွင် ၄၂ ဒီဂရီ စင်တီဂရိတ် အသီးသီး ရှိကြသည်။ အပူဒဏ်ကြောင့် ခန္ဓာကိုယ် ချွေးထွက် လွန်ပြီး ရေနှင့် ဓာတ်ဆားများ ဆုံးရှုံးမှု များပြား နိုင်သည်။ အပူဒဏ်ကြောင့် ပင်ပန်း နွမ်းနယ်ခြင်း၊ ကိုယ် အပူရှိန် တက်ခြင်းတို့ ဖြစ်စေ တတ်သည်။ အပူဒဏ်ကို ကာကွယ် နိုင်ရန် ပြင်ပသို့ ထွက်သည့် အခါ အရိပ် လုံလောက်စွာ ရရှိနိုင်သည့် ထီး သို့မဟုတ် ဦးထုပ်ကို အသုံးပြု ကြရမည် ဖြစ်သည်။ ဝတ်စား ဆင်ယင်မှု တွင်လည်း အပူ သက်သာ စေမည့် အရောင်နှင့် ချည်ထည် အဝတ်များ ကိုသာ ဝတ်ဆင် ကြရမည် ဖြစ်သည်။

နေပူထဲတွင် ပြင်းထန်သော ကိုယ်လက် လှုပ်ရှားမှုများ ပြုလုပ်ခြင်းကို ရှောင်ကြဉ် ကြရမည် ဖြစ်ပြီး နေပူထဲမှ ပြန်ရောက် လာသည့်အခါ ချက်ချင်း ရေချိုးခြင်း ကိုလည်း ရှောင်ကြဉ် ရမည် ဖြစ်သည်။ ပူပြင်းသော အချိန်တွင် အရက် သောက်စားခြင်း၊ သွေးတိုး လွယ်စေသည့် အစားအသောက် စားခြင်း တို့ကို ရှောင်ကြဉ် ရမည် ဖြစ်သည်။

ဆီးချို၊ နှလုံးနှင့် သွေးတိုးရောဂါ အခံ ရှိသူများ၊ သက်ကြီး ရွယ်အိုများနှင့် ကလေး သူငယ် များသည် ပူပြင်းသော အချိန်တွင် လေဝင် လေထွက် ကောင်းသော နေရာ၊ အရိပ် ကောင်းသော နေရာများ၌ နားနေ ကြရမည် ဖြစ်သည်။

သို့ဖြစ်၍ ရာသီဥတု ပူပြင်းသည့် နွေကာလ တွင် တိုင်းရင်းသား ပြည်သူ အပေါင်း တို့သည် အပူဒဏ်ကြောင့် အန္တရာယ် မဖြစ်စေရန် ကျန်းမာရေး အသိ၊ ကျန်းမာရေး သတိဖြင့် နေထိုင် ကြရမည် ဖြစ်ပြီး ကျန်းမာရေး ဝန်ကြီး ဌာန၏ အပူဒဏ် ကာကွယ်ရေး နှိုးဆော်ချက် များအား လိုက်နာ ကြခြင်း အားဖြင့် ရောဂါဘယ ကင်းဝေးစွာ နေထိုင် ကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။ ။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment