Pages

Monday, April 21, 2014

ပညာရေး နှင့် ရင့်ကျက်မှု


ပညာရေး နှင့် ရင့်ကျက်မှု

လူတို့သည် ရှေး အစဉ်အဆက် ကပင် မိမိတို့၏ အတတ်ပညာ နှင့် ယဉ်ကျေးမှု အမွေအနှစ်များ ကို နောင်လာ နောက်သား များအား လက်ဆင့်ကမ်း ခဲ့ကြသည်။ မိမိတို့၏ အသိဉာဏ် ခွန်အားကို အသုံးပြုပြီး မိမိဘဝ၏ အခြေခံ လိုအပ်ချက် ဖြစ်သည့် စားရေး၊ ဝတ်ရေး၊ နေရေး အတွက် လုပ်ကိုင် ဆောင်ရွက်ကြ ရသည်။

လူ့ဘောင် ဘဝတွင် လူတို့၏ ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ ဖွဲ့စည်းမှု များသည် အပြန်အလှန် ကျေးဇူးပြုပြီး ပြောင်းလဲလျက် ရှိသည်။ ပညာရေးသည် လူ့ဘောင် ဘဝ၏ စိတ်ပိုင်းဆိုင်ရာ ဖွဲ့စည်းမှု တစ်စိတ် တစ်ဒေသ ဖြစ်သည်။ ပညာရေးသည် ပြုစု ပျိုးထောင်ခြင်း၊ တိုးတက် ဖွံ့ဖြိုးခြင်း၊ လေ့ကျင့် သင်ကြား ပေးခြင်း ဖြစ်သည်။

တစ်နည်း အားဖြင့် ဆိုရပါမူ လူ့ဘောင် တစ်ခု၏ ဖွံ့ဖြိုး တိုးတက် စေရန် လူ့ အဖွဲ့အစည်းတွင် ပါဝင်သည့်သူ တစ်ဦးချင်းစီ၏ အသိဉာဏ်နှင့် ယှဉ်သည့် ရင့်ကျက်မှု အတိုင်းအတာ သည် ထိုလူ့ဘောင် လူ့အဖွဲ့အစည်း တစ်ခု၏ ယဉ်ကျေးမှု နှင့် ပညာရေး အဆင့်အတန်း ဖြစ်သည်။ လူ့အဖွဲ့အစည်း တစ်ခု၏ လုပ်ကိုင် ဆောင်ရွက် ရသော အမှုကိစ္စ တို့တွင် ရင့်ကျက် ရှင်သန်အောင် ကြိုးစား လုပ်ကိုင် ခြင်းဖြင့် အကြောင်းအကျိုး၊ အကောင်းအဆိုး ဝေဖန် ပိုင်းခြား နိုင်ခြင်း ဖြစ်ကာ အောင်မြင်ရာ အောင်မြင်ကြောင်း ကို ဖြစ်ပေါ် စေသည်။

အသိပညာ ဗဟုသုတ ရှာမှီးခြင်း၊ စာများများ ဖတ်ခြင်း တို့သည် လူ၏ ဦးနှောက်ကို ရင့်ကျက်ရှင်သန် စေနိုင်သည်။ ဦးနှောက် ရင့်ကျက် ရှင်သန် လာသည်နှင့် အမျှ အကောင်း၊ အဆိုး၊ အကြောင်း၊ အကျိုးကို ဝေဖန် ပိုင်းခြား နိုင်လာသည်။ လမ်းကောင်း၊ လမ်းမှန်ကို တည့်မတ် ပေးနိုင်သည်။ ထိုသို့ ရင့်ကျင့် ရှင်သန်အောင် ကြိုးစား ခြင်းဖြင့် ဘဝ လမ်းကြောင်းမှန် ပေါ်သို့ ရောက်စေ နိုင်ပြီး ကြီးပွားခြင်း၊ တိုးတက်ခြင်း၊ အောင်မြင်ခြင်း တို့ကို  ဆောင်ကြဉ်း ရယူ နိုင်မည် ဖြစ်သည်။

ယနေ့ လူငယ်များ အနေဖြင့် တစ်ဦးချင်း စွမ်းဆောင်ရည် ဖွံ့ဖြိုး တိုးတက် စေရန်အတွက် လေ့ကျင့် ရမည် ဖြစ်သည်။ ကိုယ်တိုင် ဖန်တီး နိုင်စွမ်း ရှိကြရမည် ဖြစ်သည်။ ကိုယ်တိုင် အရည်အချင်း ပြည့်ဝ နေစေရန် ကြိုးစား ကြရမည် ဖြစ်သည်။ မြန်မာ နိုင်ငံသည် သဘာဝ သယံဇာတ ပေါများ ကြွယ်ဝသည်။ သို့သော် နိုင်ငံတကာနှင့် ယှဉ်လျှင် နောက်ကျ နေသည်ကို တွေ့ရသည်။

ထိုသို့ ဖြစ်ရသည်မှာ အဖိုးတန် သဘာဝ သယံဇာတ များကို အကျိုးရှိအောင် အသုံးချ နိုင်သည့် လူ့စွမ်းအား အရင်းအမြစ် များ လိုအပ်ချက် ကြောင့် ဖြစ်သည်။ ထို လိုအပ်ချက်ကို ပညာရေး က မွေးဖွား သန့်စင် ဖြည့်ဆည်း ပေးနိုင်သည်။ ထို့ကြောင့် လိုအပ်သည့် လူသား စွမ်းအား အရင်းအမြစ်များ တိုးတက် ဖြစ်ပေါ်ရေး အတွက် ပညာရေးကို အဆင့်မြှင့်ရန် ကြိုးစား ဆောင်ရွက် ကြရမည် ဖြစ်သည်။ ထိုနည်းတူစွာ လူငယ်တို့၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုများ ဖြစ်ပေါ် လာစေရေး အတွက် အသိပညာ ဗဟုသုတ ရှာမှီးနိုင်သည့် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ စာဖတ်သည့် အလေ့အကျင့်များ ပြုစုပျိုးထောင် ပေးခြင်း တို့ကိုလည်း ဆောင်ရွက် သွားကြရမည် ဖြစ်သည်။

သို့မှသာ ယနေ့ကာလ ဖြစ်ပေါ် တိုးတက်လျက် ရှိသော လူ့ဘောင် ပတ်ဝန်းကျင် တွင် မျက်နှာ မငယ်ရသော လူငယ်များ၊ အနာဂတ် တွင် ဦးဆောင် နိုင်မည့် သူများကို မွေးထုတ် နိုင်မည် ဖြစ်ရာ စိတ်ပိုင်း၊ ရုပ်ပိုင်း ရင့်ကျက်မှုများ ဖြစ်ပေါ် လာစေရန် အခြေအနေ ကောင်းများ ဖန်တီး ပေးကြရမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment