Pages

Sunday, April 27, 2014

ယာဉ်မတော်တဆမှု များတွင် မော်တော်ဆိုင်ကယ် ပါဝင်ပတ်သက်မှု အများဆုံးဖြစ် ပိုမိုထိရောက်သည့် ဆောင်ရွက်မှုဖြင့် ၀ိုင်းဝန်း ကာကွယ်ရန်လို


အောင်မြင့်စိုး(ရေစကြို)

ခေတ်မီဖွံ့ဖြိုး တိုးတက်လျက် ရှိသည့် အမိမြန်မာ နိုင်ငံတော်ကြီး တွင် ခရီးသွား မိဘပြည်သူတို့ အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ရေး နှင့် ဘေးအန္တရာယ် ကင်းရှင်းစွာ သွားလာ နိုင်ရေး အတွက် တာဝန်ရှိ ဌာနများက ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း ချမှတ်လျက် ယာဉ်အန္တရာယ် ကင်းရှင်းစေရေး အလေးထား လုပ်ကိုင် ဆောင်ရွက်လျက် ရှိသည်။

၂ဝ၁၂ ခုနှစ်နှင့် ၂ဝ၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော ယာဉ် မတော်တဆမှု စုစုပေါင်း ၂၅၅၅၆ မှု ထိရှိခဲ့ပြီး ထိုအထဲတွင် မော်တော်ဆိုင်ကယ် ပါဝင် ပတ်သက်မှု ပေါင်း ၁၄၉၈၁ မှု ရှိခဲ့သည်။ ယာဉ် မတော်တဆ မှုကြောင့် ၂ဝ၁၂ ခုနှစ်နှင့် ၂ဝ၁၃ ခုနှစ် နှစ်နှစ် အတွင်း ဒဏ်ရာရသူ စုစုပေါင်း ၄၃၁၆ဝ ဦး ထိရှိခဲ့ပြီး ယာဉ် မတော်တဆ မှုကြောင့် သေဆုံးသူ ဦးရေ စုစုပေါင်း ၆၉၃၈ ဦးထိ ရှိခဲ့ကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့၏ မှတ်တမ်း သတင်းအရ သိရှိရပြီး ယာဉ် မတော်တဆ မှုကြောင့် သေဆုံးသူ ဦးရေနှင့် မော်တော်ဆိုင်ကယ် ပါဝင် ပတ်သက်မှုနှုန်းမှာ တစ်နှစ်ထက် တစ်နှစ် ပိုမို မြင့်မားလျက် ရှိသည်။

နိုင်ငံတစ်ဝန်း လွန်စွာ များပြားလျက် ရှိသည့် မော်တော်ဆိုင်ကယ် များနှင့် စည်းကမ်းမဲ့ မောင်းနှင်သူ တို့ကြောင့် အများ ပြည်သူတို့၏ အသက် အန္တရာယ် နှင့် ထိခိုက် ဒဏ်ရာရမှုများ နေ့စဉ်ကြုံတွေ့ နေကြ ရသည်။ ယာဉ်မောင်း နှင်ရာတွင် ကျွမ်းကျင်မှု အားနည်းခြင်း၊ မဆင်မခြင် မောင်းနှင်ခြင်း ၊ အရှိန်မြင်းစွာ မောင်းနှင်ခြင်း ၊ ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း များအား လိုက်နာမှု မရှိခြင်း နှင့် မူးယစ် သောက်စားကာ မောင်းနှင်ခြင်း တို့ကြောင့် မလိုလား အပ်သည့် ယာဉ် အန္တရာယ်များ နေ့စဉ် ကြုံတွေ့ နေကြရသည့် အတွက် ယာဉ် မတော်တဆ မှုလျော့ပါးရေး အချိန်မီ ဝိုင်းဝန်း ပြုပြင် ကာကွယ် ပေးကြရန် အထူး လိုအပ်လှ ပေသည်။

မြန်မာပြည်၏ နေရာအနှံ့ မြို့ပြနှင့် ကျေးလက်ဒေသ မှအစ တိုးဝင် ပျံ့နှံ့လျက် ရှိသည့် မော်တော်ဆိုင်ကယ် များ၏ စည်းကမ်းမဲ့ မောင်းနှင်ခြင်း ကြောင့် ယာဉ် မတော်တဆ မှုများ မကြာခဏ ကြုံတွေ့ ကြရပြီး အသက် ဆုံးရှုံးမှု၊ ကိုယ်လက် အင်္ဂါချို့ယွင်း ပျက်စီးမှု တို့ဖြင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက် နစ်နာမှုများ အပြင် တိုင်းပြည်၏ အဓိက ကျသည့် လူ့စွမ်းအား တို့ကို တစ်နေ့တခြား ထိပါး ခြိမ်းခြောက်လျက် ရှိပေသည်။

ယာဉ် မတော်တဆ မှုကြောင့် ထိခိုက်ဒ ဏ်ရာရသူ နှင့် သေဆုံးသူများ စာရင်းအရ ဖွံ့ဖြိုးတိုးတက်လျက် ရှိသည့် တိုင်းပြည် အတွင်း ပျံ့နှံ့လျက် ရှိသော မော်တော်ဆိုင်ကယ် များ၏ အန္တရာယ်ကြောင့် ကြုံတွေ့ရသည့် ဘေးဒုက္ခ တို့မှ လျော့ပါး ကင်းဝေး စေရေး အတွက် သက်ဆိုင်ရာ တာဝန်ရှိ သူတို့နှင့် ပြည်သူ တစ်ရပ်လုံး ၀ိုင်းဝန်း ကူညီကြရန် အထူး လိုအပ်လှ ပေသည်။ သို့မှသာ ယာဉ် မတော်တဆ မှုကြောင့် ကြုံတွေ့ ကြရသည့် ဘေးအန္တရာယ် နှင့် ယာဉ် မတော်တဆ မှုနှင့် ပတ်သက်၍ ဆေးဝါး ကုသရမည့် ကုန်ကျစရိတ် များ လျော့ပါး သက်သာ စေမည်ဖြစ်ပြီး ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းစဉ် အတွက် များစွာ အထောက်အကူ ပြုရာ ရောက်ပေ လိမ့်မည်။

ဖွံ့ဖြိုး တိုးတက်ခြင်း နှင့်အတူ နိုင်ငံသား တို့၏ ကျန်းမာ ကြံ့ခိုင်မှု အင်အားသည် တိုင်းပြည် အတွက် အထူး လိုအပ်သည့် အချက်ပင် ဖြစ်ရာ မိမိ တိုင်းပြည်၏ အကျိုးစီးပွား တို့ကို ခြိမ်းခြောက် ထိပါးလျက် လမ်းကြို လမ်းကြားမှ အစ နေရာအနှံ့ စည်းကမ်းမဲ့ သွားလာနေကြ သည့် မော်တော်ဆိုင်ကယ် များ၏ အန္တရာယ်ကြောင့် တိုင်းပြည်၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး နှင့် ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကြီးမားသည့် အနှောင့်အယှက် ၊ အဟန့်အတား ဖြစ်စေသည့် အပြင် မိဘ ပြည်သူ တစ်ရပ်လုံး နှင့် သက်ဆိုင်ရာ တာဝန်ရှိ သူတို့ ပူးပေါင်းကာ နိုင်ငံ တစ်ဝန်းရှိ စည်းကမ်းမဲ့ မောင်းနှင် သည့် မော်တော်ဆိုင်ကယ် များအား အချိန်မီ အသိပေး တားဆီး အရေးယူ ဆောင်ရွက်မှုများ ထိရောက်စွာ ပြုလုပ်ခြင်းဖြင့် အနာဂတ် မြန်မာ နိုင်ငံတော်ကြီး ကျန်းမာကြံ့ခိုင် အားနှင့် ကမ္ဘာ တစ်လွှား ဂုဏ်ယူ ၀င့်ကြွား နိုင်စေရန် ရည်သန် ရေးသား လိုက်ရပေသည်။

#Themyawadydaily

No comments:

Post a Comment