Pages

Friday, April 25, 2014

တစ်သက်တာစာပေဆုကို ဆရာကြီး တက္ကသိုလ် တင်ခရရှိ


နေပြည်တော် ၊ ၂၅-၄-၂၀၁၄

ပခုက္ကူ ဦးအုံးဖေ တည်ထောင်သော ပခုက္ကူ စာပေဆု များကို နှစ်စဉ် ချီးမြှင့်လျက် ရှိရာ ၂၀၁၃ ခုနှစ်အတွက် ပခုက္ကူ စာပေဆု ရရှိသူများ၏ အမည်စာရင်းကို ပခုက္ကူ စာပေဆု ရန်ပုံငွေ ကြီးကြပ်ရေး ကော်မတီက ယမန်နေ့ ထုတ်ပြန် ကြေညာသည်။

ဝတ္ထုတို ပေါင်းချုပ်ဆု တွင် ပထမဆု ကို ရဲမြတ်တင် ရေးသားသည့် ဇဗ္ဗူရစ်ရွှေစင် ဝတ္ထုတိုများ စာမူ၊ ဒုတိယ ဆုကို မောင်ဆန္ဒ (လယ်ဝေး) ရေးသားသည့် ဘုန်းကြီးအော့လို့ ရိုက်လိမ့်မယ် နှင့် အခြား ဝတ္ထုတိုများ စာမူ၊ တတိယဆုကို လွင်ဦး (ကွမ်းခြံကုန်း) ရေးသားသည့် ညွတ် နှင့်အခြား ဝတ္ထုတိုများ စာမူတို့က လည်းကောင်း၊ ဝတ္ထုရှည်ဆု တွင် ပထမဆု ကို သိန်းဇော် (ရွှေလီဦး) ရေးသားသည့် ဒုတိယဘ၀အစ နှင့် အကြင်နာ နှလုံးသား အလှများ စာမူ၊ ဒုတိယဆု ကို သွဲထားညို (သက္ကလ) ရေးသားသည့် ပန်းခရေကြွေသော် လည်းမွှေး စာမူ၊ တတိယဆုကို နန္ဒာခင် (သက္ကလမြေ) ရေးသားသည့် တိမ်လွှာအောက်မှ စိမ်းလန်းသည့်မြေ စာမူတို့က လည်းကောင်း၊ ကဗျာ ပေါင်းချုပ် ဆုတွင် ပထမဆု ကို သန်းအောင် (အညာမြေ) ရေးသားသည့် တောဒဟတ်ပန်း ကဗျာများ စာမူ၊ ဒုတိယဆု ကို ကျော်စိုး (မြင်းမူ) ရေးသားသည့် ပန်းလက်ဆောင်ကဗျာများ စာမူ၊ မောင်ဟန်တင့် (ပင်လည်ဘူး) ရေးသားသည့် ဂန္ထဝင်လမင်း အလင်းသံစဉ်ကဗျာများ စာမူတို့က လည်းကောင်း၊ ကျမ်းနှင့် သုတေသနဆု တွင် ပထမဆု ကို လှိုင်ဝင်းဆွေ ရေး သားသည့် မြန်မာ့ရုပ်ပေါင်းစု အနုပညာ စာမူ၊ ဒုတိယ ဆုကို မောင်ယဉ်လှိုင်း (ပျဉ်းမမြိုင်) ရေးသားသည့် ညောင်ရမ်းခေတ် ယဉ်ကျေးမှု စာမူတို့က လည်းကောင်း အသီးသီး ရရှိကြသည်။

၂၀၁၃ ခုနှစ်အတွက် တစ်သက်တာစာပေဆု ကို စာရေးဆရာကြီး တက္ကသိုလ် တင်ခ က ရရှိသည်။

ပခုက္ကူ ဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆု အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်ပညာ သင်ဆု များအတွက် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)မှ မောင်အောင်သူဖြိုး ဒုတိယနှစ် (ပန်းချီ အထူးပြု) နှင့် အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ် (မန္တလေး)မှ မောင်မျိုးလှိုင်ဝင်း ဒုတိယနှစ် (သဘင် အထူးပြု) တို့က ရရှိကြသည်။

၂၀၁၃ ခုနှစ်အတွက် စာကြည့်တိုက် စာအုပ်ဆုကို ချီးမြှင့် နိုင်ခြင်း မရှိကြောင်း သိရသည်။



ဆုနှင်းသဘင် အခမ်းအနားကို ၂၀၁၄ ခုနှစ် မေ ၁၀ ရက် (စနေနေ့) နံနက်(၁၀) နာရီတွင် ရန်ကုန်မြို့ရှိ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား၊ စတူဒီယို ခန်းမ(A)၌ ကျင်းပမည် ဖြစ်ရာ ဆုရရှိ သူများသည် စာတည်းမှူးချုပ် စာပေဗိမာန် အမှတ် (၅၂၉-၅၃၁) ကုန်သည်လမ်း၊ ရန်ကုန်မြို့ ၀၁- ၃၈၇၇၂၄ နှင့် စီမံရေးရာ ဌာန ၀၁- ၃၈၁၄၄၉ သို့ အမြန်ဆုံး ဆက်သွယ်ကြရန် နှိုးဆော် ထားသည်။

No comments:

Post a Comment