Pages

Wednesday, April 2, 2014

သွေးတိုးရောဂါ ကြိုတင်ကာကွယ်


သွေးတိုးရောဂါ ကြိုတင်ကာကွယ်

သွေးတိုးရောဂါ သည် ကမ္ဘာပေါ်တွင် လူသား အားလုံး၏ အသက် အန္တရာယ်ကို ခြိမ်းခြောက် နေသော မကူးစက် တတ်သည့် နာတာရှည် ရောဂါတစ်ခု ဖြစ်လာသည်။ သွေးတိုး ရောဂါကြောင့် ယနေ့ ကမ္ဘာပေါ်တွင် လူပေါင်း ၇ ဒသမ ၅ သန်းကျော် သေဆုံး ခဲ့ကြောင်း ခန့်မှန်း ထားသည်ကို သိရသည်။

အဆိုပါ သေဆုံးမှု သည် သေဆုံးမှု စုစုပေါင်း၏ ၁၂ ဒသမ ၈ ရာခိုင်နှုန်း ရှိသည့် အရွယ် ရောက်သူ သုံးဦးတွင် တစ်ဦးထက် မက သွေးတိုးရောဂါ ဖြစ်ပွားနေပြီး နှစ်စဉ်နှစ်တိုင်း လူပေါင်း ကိုးသန်းကျော် ကို သေဆုံး စေလျက် ရှိနေသည်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ စာရင်းများ အရ အာဖရိက တွင် သွေးတိုးရောဂါ အများဆုံး ဖြစ်ပြီး ၄၆ ရာခိုင်နှုန်း ရှိသည်။ အဆိုပါ ဒေသတွင် သွေးတိုး ရောဂါ ဖြစ်ပွားမှုမှာ လူဆယ်ဦး လျှင် လေးဦး ဖြစ်ပွားလျက် ရှိနေသည်။ အမေရိက ဒေသမှာ သွေးတိုး ရောဂါ ဖြစ်ပွားမှု အနည်းဆုံး ဖြစ်ပြီး ၃၂ ရာခိုင်နှုန်း ဖြစ်ပွားမှု ရှိသည်။ ၂ဝဝ၈ ခုနှစ် စာရင်းများ အရ အရှေ့တောင် အာရှ နိုင်ငံများတွင် သွေးတိုး ရောဂါ ဖြစ်ပွားမှု ၃ဝ ရာခိုင်နှုန်း ရှိနေပြီး နှစ်စဉ် လူပေါင်း ၁ ဒသမ ၅ သန်း သေဆုံးလျက် ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံ တွင် သွေးတိုး ဖြစ်ပွားမှုမှာ ၂ဝ၁ဝ ပြည့်နှစ် စာရင်းအရ ၅၇ ရာခိုင်နှုန်း ဖြစ်၍ အဆိုးရွားဆုံး အခြေအနေ ဖြစ်နေ သည်ကို တွေ့ရသည်။

သွေးတိုးရောဂါ သည် အသက်အရွယ် မရွေး ဖြစ်ပွား နိုင်ပြီး ဖြစ်ပွား ရခြင်းမှာ နေထိုင် စားသောက်မှု၊ အပြုအမူနှင့် ဆက်စပ်လျက် ရှိကြောင်း သိရသည်။ ယနေ့ မြန်မာနိုင်ငံ တွင် ငါးပိ၊ ငံပြာရည်၊ အချိုမှုန့် မပါသော အစားအစာ နည်းပါးလျက် ရှိနေပြီး အခြား တစ်ဖက်တွင် ဆေးလိပ်၊ အရက်၊ ကွမ်း စသည့်တို့ ပိုမို စားသုံး လာကြခြင်း၊ အရောင် ဆိုးဆေး ပါသည့် အစားအစာများ၊ သား၊ ငါးများ ကျန်းမာရေး နှင့် မညီညွတ် သည့် အရန်သင့် စားသုံးရန် ပြုလုပ် ထားသည့် အစားအစာများ စားသုံးမှု များလာခြင်း တို့ကြောင့် သွေးတိုး ရောဂါ ဖြစ်ပွားမှု တိုးတက် လာခြင်း ဖြစ်သည်။

သွေးတိုးရောဂါ သည် နှလုံးရောဂါ၊ လေဖြတ်ရောဂါ၊ သွေးကြောကျဉ်း ရောဂါ၊ ကျောက်ကပ် ပျက်စီးခြင်း၊ မျက်စိ ကွယ်ခြင်း၊ သွေးကြော ပေါက်ခြင်း၊ ဦးနှောက် ပျက်စီးခြင်း နှင့် အခြား စိုးရိမ်ရသော ကျန်းမာရေး ပြဿနာ များကို ဖြစ်စေသည်။ ထို့ကြောင့် သွေးတိုးရောဂါ မဖြစ်စေရန် ကြိုတင် ကာကွယ် ထားရမည် ဖြစ်သည်။

ပြည်သူအားလုံး သည် သွေးတိုး ရောဂါ တိုက်ဖျက် ကာကွယ်ရေး အတွက် နေ့စဉ် အသီးအနှံနှင့် ဟင်းသီး ဟင်းရွက် များကို တရုတ် ထမင်းစား ပန်းကန်လုံး နှင့် ငါးလုံးခန့် စားခြင်း၊ တစ်နေ့ စားသုံးသည့် ဆားပမာသည် လက်ဖက်စားဇွန်း တစ်ဇွန်းထက် နည်းစေခြင်း၊ နေ့စဉ် အနည်းဆုံး မိနစ် ၃ဝ ကိုယ်လက် လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ သင့်တော်သည့် ကိုယ်အလေးချိန် ရှိစေရန် ထိန်းသိမ်းခြင်း၊ အရက်သေစာ၊ ဆေးရွက်ကြီး၊ ဆေးလိပ် စသည်တို့ကို ရှောင်ကြဉ်ခြင်း၊ စိတ်ဖိစီးမှု လျော့နည်းအောင် နေထိုင်ခြင်း နှင့် သွေးပေါင်ချိန် မှန်မှန် စစ်ဆေးခြင်း တို့ကို စနစ်တကျ လိုက်နာ ကျင့်သုံး သင့်ကြောင်း ကျန်းမာရေး ဆိုင်ရာ နှိုးဆော် သတိပေးချက် များအရ သိရသည်။

သို့ဖြစ်ရာ အမျိုးသား ကျန်းမာ ကြံ့ခိုင်ရေး အတွက် သွေးတိုးရောဂါ ကာကွယ် တိုက်ဖျက်ရေး ဖော်ဆောင် ရာတွင် ကျန်းမာရေး ဝန်ထမ်းများ နှင့် သက်ဆိုင်ရာ နှီးနွယ်ဌာန အဖွဲ့အစည်း များမှာ တာဝန်ရှိ သူများ၏ နှိုးဆော် သတိပေး ဆောင်ရွက်နေမှု များသာမက ပြည်သူများ ကလည်း နှိုးဆော် သတိပေးချက် များကို လိုက်နာ ကျင့်သုံး နေထိုင် ခြင်းဖြင့် ပူးပေါင်း ပါဝင်သင့် ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့ အာဘော် )

No comments:

Post a Comment