Pages

Thursday, April 10, 2014

ယာဉ်စည်းကမ်း လမ်းစည်းကမ်း နှင့် မဟာသင်္ကြန်


ယာဉ်စည်းကမ်း လမ်းစည်းကမ်း နှင့် မဟာသင်္ကြန်

ယနေ့ ကာလတွင် တိုင်းဒေသကြီး များနှင့် ပြည်နယ်များ အတွင်း လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန် လာသည်နှင့် အမျှ အချိန်တို အတွင်း လွယ်ကူ ချောမွေ့စွာဖြင့် သွားလာ နိုင်နေကြပြီ ဖြစ်သည်။ အဝေးပြေး လမ်းမကြီး များ ဖောက်လုပ်ခြင်း၊ ကတ္တရာလမ်း၊ ကျောက်ခင်းလမ်း၊ မြေသားလမ်း တို့ကို အဆင့်မြှင့် ပြုပြင်ခြင်း၊ တိုးချဲ့ခြင်း တို့ကို ဆောင်ရွက် ခဲ့သဖြင့် ခရိုင်ချင်းဆက်၊ မြို့ချင်းဆက်၊ ကျေးရွာ ချင်းဆက် လမ်းများမှ တစ်ဆင့် ဆက်သွယ် သွားလာ နိုင်ကြပြီ ဖြစ်သည်။

လမ်းပန်း ဆက်သွယ်ရေး တိုးတက် ကောင်းမွန်သည် နှင့်အမျှ ယာဉ်သုံးစွဲမှု များပြား လာသဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း များကို ပိုမို တိကျစွာ လိုက်နာ ဆောင်ရွက် ကြရမည် ဖြစ်သည်။ ယာဉ်တိုက်မှု အန္တရာယ် များပြား လာခြင်းသည် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း များ လိုက်နာမှု လျော့နည်း နေခြင်းကြောင့် ဖြစ်သည်။ သတ်မှတ် ထားသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း များကို လိုက်နာခြင်း မရှိ၍ ယာဉ်တိုက်မှုများ ဖြစ်ပေါ်ခဲ့ရပြီး အသက် ဆုံးရှုံးခဲ့ကြ ရသည်။

ယာဉ်မောင်း သူများသည် သတ်မှတ် ထားသည့် ယာဉ်ကြောကို တိကျစွာ လိုက်နာ မောင်းနှင် ရမည်ဖြစ်ပြီး ယာဉ်ကြော ပိတ်၍ ရပ်တန့်ခြင်းကို ရှောင်ကြဉ် ရမည် ဖြစ်သည်။ ယာဉ်တိုက်မှု များကို လေ့လာ ကြည့်လျှင် မဆင်မခြင် မောင်းနှင်ခြင်း၊ အရက်သေစာ သောက်စားပြီး မောင်းနှင်ခြင်း၊ ကားကို အပြိုင် မောင်းနှင်ခြင်း နှင့် လမ်းကူး သူများက လမ်းစည်းကမ်း မလိုက်နာခြင်း တို့ကြောင့် ယာဉ်တိုက်မှု အများဆုံး ဖြစ်ပေါ် ရခြင်း ဖြစ်သည်။

နိုင်ငံတော် အစိုးရက လမ်းများ အဆင့်မြှင့် ဖောက်လုပ် ပေးခြင်း၊ တိုးချဲ့ခြင်း၊ ပြုပြင်ခြင်း များကို တိုးမြှင့် ဆောင်ရွက် ပေးနေခြင်း ကြောင့် လမ်းပန်း ဆက်သွယ်ရေး ချောမွေ့ နေပြီဖြစ်သည်။ ပြည်သူများ အပိုင်းကလည်း မိမိတို့ လိုရာခရီးကို အချိန်တို အတွင်း လွယ်ကူစွာ ကူးသန်း သွားလာ နိုင်ရေးအတွက် သတ်မှတ် ထားသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း များကို အသိ စိတ်ဓာတ် ပြည့်ဝစွာဖြင့် လိုက်နာ ကြပါက ယာဉ်တိုက်မှုများ လျော့နည်း ကျဆင်း၍ ယာဉ်အန္တရာယ် ကင်းဝေး ကြမည် ဖြစ်သည်။

ယခင်နှစ်က မြန်မာ့ရိုးရာ မဟာသင်္ကြန် ကာလ ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ မြန်မာ့ဓလေ့ ထုံးတမ်း အစဉ်အလာ နှင့်အညီ ရိုးရာမပျက် နိုင်ငံတစ်ဝန်း ၌ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့စဉ် ယာဉ် မတော်တဆမှု ၂၂ မှု ဖြစ်ပွားခဲ့ရာ သေဆုံးသူ ၁၄ ဦးနှင့် ဒဏ်ရာ ရရှိသူ ၁၁ဝ ဦးရှိခဲ့သည်။

သို့ဖြစ်၍ ယခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန် ကာလအတွင်း ယာဉ်မောင်း သူများ လိုက်နာရန် စည်းကမ်း များကို တိကျစွာ လိုက်နာ ကြရန်နှင့် ပြည်သူများ ကလည်း လမ်းစည်းကမ်း ကို တိကျစွာ လိုက်နာကြရန် တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။ ။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment