Pages

Saturday, April 12, 2014

ပျော်ပွဲဆင်နွှဲ မြန်မာ့ရိုးရာ သင်္ကြန်ပွဲ


ပျော်ပွဲဆင်နွှဲ မြန်မာ့ရိုးရာ သင်္ကြန်ပွဲ

တန်ခူးလသည် နွေရာသီ ကာလသို့ ဝင်ရောက် လာသောလ ဖြစ်သောကြောင့် ထိုလ ရာသီတွင် သစ်ရွက်များမှာ ရောင်ခြည် တစ်ထောင် အလင်းဆောင် သည့် နေမင်း၏ ပြောင်လက် ဝင်းထိန် နေသော အပူရှိန် အောက်ဝယ် မြစိမ်းရောင် မှသည် ရွှေဝါရောင်သို့ ကူးပြောင်း ခြောက်သွေ့ ကြရသည်။ ထို့ကြောင့် တောလား စာဆိုတော်ကြီး ရှင်ဥတ္တမကျော် က ''သဘင်ဂိမာန်၊ တာသင်္ကြန်ဟု လေပြန် လွင့်ကူ၊ ဘုံသစ်ထူ၍'' စသော တောလားကို ဖွဲ့ဆိုခဲ့သည်။

သာသနာဝင် ကျမ်းတို့၌ အတာကူးသော တန်ခူးလ အခါတွင် ကပိလဝတ်ပြည် ၌ နေထိုင် ကြကုန်သော သာကီဝင်မင်း တို့သည် နှလုံး မွေ့လျော်ဖွယ် ရှိသော ဒေဝဒဟ ရေအိုင်ကြီး အနီး၌ မင်းတဲ ဆောက်၍ ရေဖျန်းသဘင် ပျော်ရွှင်စွာ ကစားကြရာ ''ရေသဘင် အစ ဒေဝဒဟက'' ဟု ရှေးစာဆို ရှင်များက မိန့်ဆို ခဲ့ကြ ပေသည်။

မြန်မာတို့သည် ရှေးအခါမှ စတင်၍ မြန်မာ့ရိုးရာ သင်္ကြန် ပွဲတော်ကို မြန်မာ လူမျိုးအားလုံး လူကြီးလူငယ် မရွေး ပျော်ရွှင်စွာ ဆင်နွှဲ ကျင်းပလေ့ ရှိကြပြီး နှစ်သစ် ကူးသည့် ''နှစ်ဆန်း တစ်ရက်နေ့'' ကို နှစ်သစ် မင်္ဂလာ အခါတော်နေ့ အဖြစ် သတ်မှတ် ထားကြသည်။

အဆိုပါ နှစ်သစ် မင်္ဂလာ အခါတော်နေ့ တွင် ဗုဒ္ဓဘာသာဝင် သူတော်စင် များက စေတီပုထိုး နှင့် ဗုဒ္ဓ ရုပ်ပွားတော် များကို ရေသပ္ပာယ်ခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်း၊ တရား ဘာဝနာ ပွားများခြင်း၊ စတုဒိသာ ကျွေးမွေးခြင်း၊ အဘိုးအဘွား၊ အမိအဖ တို့အား ခေါင်းလျှော် သန့်စင် ပေးခြင်း၊ ခြေသည်း လက်သည်း လှီးပေးခြင်း စသည့် ကာယကံမြောက် ကုသိုလ်များ ပြုလုပ် ကြသည်။

ထိုကဲ့သို့ မွန်မြတ် သန့်စင် မြတ်နိုး လေးစားဖွယ် ဖြစ်သည့် ကုသိုလ် ကောင်းမှု ပြုကြခြင်း များသည် ထာဝစဉ် ထိန်းသိမ်း စောင့်ရှောက် ရမည့် ရိုးရာ ယဉ်ကျေးမှု ပွဲတော်ဖြစ်သော မြန်မာ့ ရိုးရာ သင်္ကြန်ပွဲ၏ အနှစ်သာရ များ ဖြစ်ပေသည်။

မြန်မာ နှစ်သစ်ကူး ပွဲတော် သင်္ကြန်အခါ တွင် ပူလောင်ခြင်း သက်သာစေရန် တစ်ဦးကို တစ်ဦး ရေစင် ရေအေး ပက်ဖျန်း ပေးခြင်းသည် တစ်ဖက်သား အပေါ် အေးချမ်းမှု ဖြစ်ပေါ်စေပြီး ကိုယ်စိတ် ရွှင်လန်း စေသည့်အပြင် နှစ်ဟောင်းမှ အညစ်အကြေး များကို သန့်စင်သော ရေဖြင့် ဆေးကြောပေး ရာလည်း ရောက်ပေသည်။

သို့ဖြစ်ရာ သင်္ကြန် ကာလဝယ် ဒါနမင်္ဂလာ၊ ဂါရဝ မင်္ဂလာ၊ ဓမ္မာစရိယ မင်္ဂလာ၊ ဓမ္မသာဝန မင်္ဂလာ၊ အနဝဇ္ဇာ နိလကမ္မာ နိက မင်္ဂလာ ပြုဆောင် ဖွယ်ရာ များကို မင်္ဂလာ တရားတော်နှင့် အညီ မင်္ဂလာရှိစွာ ပြုမူ ကျင့်ကြံ နေထိုင်ကြလျက် အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေး၊ အမျိုးသား ယဉ်ကျေးမှု အမွေအနှစ် များနှင့် အမျိုးသားရေး လက္ခဏာများ မပျောက်ပျက် စေရေးတို့ အတွက် မင်္ဂလာ တရားတော် နှင့် ဖီလာ ဆန့်ကျင်သော မကောင်းမှု တို့ကို ရှောင်ကြဉ် ကြခြင်းဖြင့် ရိုးရာ ယဉ်ကျေးမှု သင်္ကြန် ပွဲကို ပျော်ရွှင်စွာ ဆင်နွှဲ ကြစေ လိုကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment