Pages

Thursday, April 10, 2014

စေတနာသုံးတန်ဖြင့် ဒါနအလှူ


စေတနာသုံးတန်ဖြင့် ဒါနအလှူ

''အလှူရေစက် လက်နှင့်မကွာ'' ဆိုသည့် စကားနှင့် အညီ မြန်မာ တို့သည် အခါအခွင့် သင့်သည့် အချိန်တွင် အလှူဒါန ပြုကြလေ့ ရှိသည်။ ထိုသို့ အလှူဒါန ပြုကြရာတွင် ကုသိုလ်ရေး သုံးရပ် ဖြစ်သည့် ဒါန၊ သီလ၊ ဘာဝနာ အနက် ဒါနသည် လူတိုင်း ပြုနိုင်သော ကုသိုလ် တစ်ရပ် ဖြစ်သည်။

ဒါနဟူသည် အပြု လွယ်သော်လည်း အကျိုးများစွာ ရရှိရန်မှာ ခက်ခဲ လှသည်။ ထို့ပြင် ဒါန ကုသိုလ် အထမြောက်ရန် အလှူခံ ပုဂ္ဂိုလ် (သို့မဟုတ်) နေရာဌာန၊ လှူဖွယ် ပစ္စည်းနှင့် စေတနာ၊ သဒ္ဓါတရား ဟူသည့် အကြောင်းခြင်းရာ သုံးရပ် ရှိရန် လိုပေသည်။

အဆိုပါ အကြောင်းခြင်းရာ သုံးရပ်အနက် လှူဖွယ်ပစ္စည်း အနည်းအများ သည် ပဓာန မဟုတ် မြင့်မြတ်သော အလှူခံ ပုဂ္ဂိုလ်အား လှူဒါန်း သူတိုင်းက စေတနာ သုံးတန် ပြဋ္ဌာန်းကာ လှူဒါန်းလျှင် အနည်းငယ်မျှ လှူသော်လည်း များပြားသော အကျိုးတရား ကို ရရှိ နိုင်သည်ဟု ကျမ်းဂန် များက ဆိုထားသည်။

ဤနေရာတွင် သီလရှိပြီး မွန်မြတ်သော အလှူခံပုဂ္ဂိုလ် (သို့မဟုတ်) မြင့်မြတ်သော နေရာ ဌာနကို အလွယ်တကူ ရှာဖွေ တွေ့ရှိ နိုင်သော်လည်း လှူဒါန်းသူ အနေဖြင့် စေတနာ သုံးတန် ပြဋ္ဌာန်း လှူဒါန်း တတ်ရန် အထူး လိုအပ် ပေသည်။

စေတနာ သုံးတန်သည်ကား ပုဗ္ဗစေတနာ၊ မုဉ္စစေတနာ၊ ပရစေတနာ ဟူ၍ ဖြစ်သည်။ ပုဗ္ဗစေတနာ သည် လှူဒါန်း ပေးကမ်း မည်ဟု ကြံရွယ်သည်မှ စ၍ လှူဖွယ် ပစ္စည်းများကို မလှူဒါန်းမီ ဖြစ်ပေါ် လာသည့် စေတနာကို ဆိုသည်။

မုဉ္စစေတနာ သည်ကား လှူဒါန်းဆဲ အခိုက်၌ တွန့်တိုသော၊ နှမြောသော စိတ်အစဉ်များ ကင်း၍ ကြည်လင် ရွှင်ပျ ပီတိအလှကို ခံစားဖြစ်ပေါ် စေသော စေတနာ ကိုဆိုသည်။

အပရစေတနာ သည်ကား ပေးလှူပြီး သည့်နောက်၌ စိတ်အတွေး အညစ်အကြေး တို့ကင်းစင် စေလျက် လှူဒါန်းခဲ့မှု တို့ကို အခါခါ အောက်မေ့ သတိရကာ ဝမ်းမြောက်၊ ဝမ်းသာ ဖြစ်ခြင်း၊ လှူဒါန်း ခဲ့မှုအတွက် စိတ်ကြည်နူးကာ အားရ ကျေနပ်မှု ဖြစ်ခြင်း စသည့် စင်ကြယ်သော စေတနာမျိုး ဖြစ်ပေသည်။

သို့ဖြစ်ရာ အကုသိုလ်ကင်း ဖြူစင် သန့်ရှင်းသော စေတနာ သုံးတန် ပြတ်သား စွာဖြင့် လှူဒါန်း နိုင်ကြ ပါလျှင် မိမိတတ် နိုင်သလောက် အနည်းငယ်မျှ လှူဒါန်း စေကာမူ ရရှိသော အကျိုးကျေးဇူး သည် လွန်စွာ ကြီးမားလှ ပါကြောင်း လှူတတ် ကြစေရန် အကြံပြု ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment