Pages

Thursday, April 3, 2014

နိုင်ငံတော် တိုးတက်ရေး ကူညီဆောင်ရွက်


နိုင်ငံတော် တိုးတက်ရေး ကူညီဆောင်ရွက်

မြန်မာနိုင်ငံ သည် ဒီမိုကရေစီ စနစ်ဖြင့် ခေတ်မီ ဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်သစ် ကို တည်ဆောက်လျက် ရှိသည်။ ထိုသို့ တည်ဆောက် အကောင် အထည်ဖော် ရာတွင် စာရင်းဇယား မှန်ကန်ရေးသည် အရေးကြီးသည်။ ဒီမိုကရေစီ စနစ် ပြုပြင် ပြောင်းလဲရေးဆောင်ရွက် ရာ၌ မှန်ကန်သော မူဝါဒများ ချမှတ်နိုင်ရန် လူဦးရေ စာရင်း တိကျရန် လိုသည်။

ထို့ကြောင့် ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူခြင်း ကို မတ် ၃ဝ ရက်မှ ဧပြီ ၁ဝ ရက်အထိ ပြုလုပ် ဆောင်ရွက် သွားမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဗဟို သန်းခေါင် စာရင်း ကော်မရှင်က ဦးဆောင် ဦးရွက်ပြုပြီး ကော်မတီ အဆင့်ဆင့် တို့၏ ကြီးကြပ်မှု၊ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ ကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်း များ၏ ပူးပေါင်း ဆောင်ရွက် အကူအညီ ပေးမှုတို့နှင့် အတူ ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူ သွားမည် ဖြစ်သည်။

ယခုအကြိမ် သန်းခေါင် စာရင်း ကောက်ယူမှု သည် နှစ် ၃ဝ အတွင်း မြန်မာနိုင်ငံ ၌ ပထမဆုံး အကြိမ် ဖြစ်သည်။ မြန်မာနိုင်ငံ၏ သန်းခေါင် စာရင်း ကောက်ယူ ခဲ့မှုကို လေ့လာ ကြည့်လျှင် ၁၉၇၃ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၃ ခုနှစ်တွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် တိုင်တိုင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခြင်း ကို ဆောင်ရွက် ခဲ့သည်။ ယခုအကြိမ် ကောက်ယူမှု သည် တတိယ အကြိမ် ဖြစ်ပြီး ဟိုယခင် လွတ်လပ်ရေး ရပြီးနောက် ၁၉၅၃ ခုနှစ်တွင် မြို့ပေါင်း ၂၅၂ မြို့နယ်နှင့် ချင်းပြည်နယ်၊ ၁၉၅၄ ခုနှစ်တွင် မြန်မာပြည်မ ကျေးရွာ အုပ်စု ၂၁၄၃ စုနှင့် ကချင်ပြည်နယ် ရှိ ကျေးရွာအုပ်စု ၁ဝ၁၆ စုတို့တွင် သန်းခေါင် စာရင်း ကောက်ယူ ခဲ့ကြောင်း သိရသည်။

ယခု ၂ဝ၁၄ ခုနှစ် ကောက်ယူသည့် သန်းခေါင် စာရင်း ကောက်ယူခြင်း၏ ရည်ရွယ်ချက် များမှာ နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး လုပ်ငန်းများ အတွက် ခိုင်မာသည့် အခြေခံ စာရင်းအင်းများ ရရှိစေရန် နောင်လာမည့် နှစ်များ အတွက် စီမံကိန်း ရေးဆွဲ ရာတွင် ပိုမိုတိကျမှု ရှိသော ခိုင်မာသည့် ခန့်မှန်း လူဦးရေများ တွက်ချက် ပေးနိုင်ရန် မွေးဖွားမှု၊ သေဆုံးမှု၊ လူဦးရေ ပြောင်းလဲမှု အခြေအနေများ ခန့်မှန်း နိုင်ရန်နှင့် အခြားလူဦးရေ ဆိုင်ရာ သုတေသန လုပ်ငန်းများ ပြုလုပ် နိုင်စေရန်၊ စီးပွားရေး၊ လူမှုရေး နှင့်အခြား နမူနာကောက် စစ်တမ်းများ အတွက် အခြေခံ စာရင်းများ ရရှိစေရန်၊ တိုင်းရင်းသား မျိုးနွယ်စုများ နှင့် ပတ်သက်သည့် မျိုးနွယ်စု များ၏ အမည် အခေါ်အဝေါ် တို့ကို မှန်မှန်ကန်ကန် ပြုစုနိုင်ရန် ၄င်းတို့၏ နေရပ်ဒေသ တည်ရှိမှု များကို မှန်မှန်ကန်ကန် ဆန်းစစ် နိုင်ရန် နှင့် နိုင်ငံတော်၏ လူဦးရေ မူဝါဒများ ချမှတ် ဆောင်ရွက် နိုင်ရန်တို့ ဖြစ်သည်။

သို့ဖြစ်ရာ ယခု ၂ဝ၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းသည် ရည်ရွယ်ချက် နှင့် လုပ်ငန်း ပမာဏ ကြီးမား ကျယ်ပြန့်လှ သည့်အတွက် စာရင်းဇယား မှန်ကန် တိကျ၍ ခိုင်မာရန် လိုသည်။ စာရင်းဇယား မှန်ကန် တိကျ၍ ခိုင်မာမှသာ နိုင်ငံ တိုးတက်ရေး အတွက် ဆောင်ရွက်ရာတွင် ခိုင်မာသော တိုးတက်မှုကို ရရှိနိုင်မည် ဖြစ်သည်။ ထို့ကြောင့် အခြေခံ လူဦးရေ စာရင်း အခိုင်အမာ ရှိစေရန် ပြည်သူ တစ်ရပ်လုံးက မိမိတို့ ကျရာနေရာမှ အားဖြည့် ပူးပေါင်း ပါဝင် ဆောင်ရွက် ကြခြင်းဖြင့် နိုင်ငံတော် တိုးတက်ရေး အတွက် တစ်ဖက် တစ်လမ်းမှ ကူညီ သွားကြ ရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment