Pages

Monday, April 28, 2014

ချိုမြိန်သော အဆိပ်


ချိုမြိန်သော အဆိပ်

မဒါလေး

နံနက်ခင်း အလင်းရသည်နှင့် လိုအပ်သော စိတ်ဆန္ဒတို့ဖြင့် ဆာလောင် မွတ်သိပ်စွာ နိုးထလာသည်။ ယခုအချိန် ဆိုလျှင် လူက မလိုက်နိုင် သော်လည်း စိတ်က အလိုလို ရောက်နှင့် နေသည်။ ယခုအချိန် ထိုနေရာသို့ မိမိရောက်အောင် သွားရမည်။ တောင်အဆင်းလေး မှ ၁၀ မိနစ်လောက် လမ်းလျှောက် လိုက်လျှင် မြေညီလမ်း လေးကို အရင် တွေ့ရသည်။ ပြီးမှ ဘုရားဝင်းကို ကျော်ပြီး လမ်းဖြောင့် အတိုင်း လျှောက်လိုက်လျှင် သွားလိုသော နေရာသို့ ရောက်ပြီ။ ထိုနေရာကို လွန်ခဲ့သော ၈ နှစ် ၊ ၉ နှစ် ကတည်းက စတင် ရောက်ဖူးခဲ့ခြင်း ဖြစ်သည်။

မန်းမြေ၏ အထာကျသည့် အဖိတ် ၊ ဥပုသ် အလုပ်နားရက် တို့တွင် အပန်းဖြေရင်း အနားယူရင်း မိတ်ဆွေ သူငယ်ချင်း များနှင့် တွေ့ဆုံရင်း ထိုနေရာက ဆုံမှတ်တစ်ခု ဖြစ်လာခဲ့သည်။ ထိုနေရာသည် အေးချမ်း၏။ ဆန္ဒများနှင့် ပြည့်နှက်နေသည်။ ရင်ဖွင့်သံ များနှင့် မျှဝေ ခံစားမှုများ ပြည့်လျှံ နေသည်။ စိတ်ထဲရှိသော မကျေနပ်ချက် များ ၊ သောကများ ၊ အဆင်မပြေ မှုများကို အရှက်အကြောက် မရှိ ဖွင့်ဟနိုင်၏။ တစ်ယောက် နှင့် တစ်ယောက် မကူညီ နိုင်သော်လည်း ၀ိုင်းဝန်း အကြံပေး ကြသည်။ ယခုထိလည်း ထိုနေရာသည် အမျိုးမျိုးသော ဘ၀များ ဆုံဆည်းရာ အဖြစ် သာယာ နေသေးသည်။

လေးလံသော ခြေလှမ်းများကို သယ်ဆောင်ရင်း ထိုနေရာသို့ ရောက်ခဲ့ပြီး " ထနောင်းရိပ် " ဆိုသော ဆိုင်းဘုတ်၏ နောက်ရှိ ဆိုင်တံခါး တို့မှ ပိတ်ထားဆဲ။ ရင်ထဲ ဆို့တက်လာသော အပူကို တပ်မက်ခြင်းက အနိုင်ယူသော အခါ ဆိုင်တံခါး တစ်ချပ် ပွင့်လာပြီး အတွင်းမှ ဆိုင်ရှင်က ခက်ထန်သော မျက်နှာနှင့် ထွက်လာသည်။ ယခင်က ထိုမျက်နှာမျိုး မဟုတ်သည်မှာ သေချာသည်။ ယခုအခါ ကိုယ်လိုရာ ရရန် သူ့ကို မျက်နှာချိုသွေး ရပေတော့မည်။

ဒေါသတို့ကို ပြန်မျိုချရင်း ဖွင့်ပေးသော တံခါးတစ်ချပ်မှ အသာ တိုးဝင်လိုက်ပြီး ဆိုင်အတွင်း နေရာ ယူလိုက်သည်။ ထုံးစံအတိုင်း လာချသော ယမကာ တစ်ပိုင်းကို ခပ်မြန်မြန် မော့လိုက်သည်။ ယခုမှ ရင်ထဲ ပေါ့သွား သလို ထင်မိသည်။ သို့သော် လည်ပင်း မှ ၀မ်းထဲအထိ ပူဆင်းသွားသော အရသာမှာ ယခင်လို မချိုမြိန်တော့ပေ။ နံနက် စောစောမို့ အမြည်း မရသေး။ ရလျှင်လည်း မစားနိုင်။ နံနက်ပိုင်း သောက်ဖို့ပင် အနိုင်နိုင်။ အိမ်ကလည်း အရင်လို မဟုတ်။ နံနက်ပိုင်း အတွက် ငွေနှစ်ရာ ပေးရသည် ကိုပင် မကြည်ဖြူချင်။ ဘာပဲဖြစ်ဖြစ် ဒီနေ့ နံနက်အတွက် နေသာထိုင်သာ ရှိသွားပြီမို့ အဆင်ပြေပြီ။ ညနေ အတွက်သာ ငွေနှစ်ရာ ရှာရန် စဉ်းစားရမည်။ ဘုရားအနီး က ဆိုင်တွင် အမှိုက်သွန် ပေးလျှင်လည်း တစ်ခါတလေ ငွေကျပ် ၅၀၀ လောက် ရနိုင်သည်။ အတွေးတို့ဖြင့် ထိုဆိုင်မှ အထွက် လေးငါးလှမ်းလောက် လျှောက်အပြီး ခန္ဓာကိုယ် တစ်ခုလုံး အားလျော့ လာသည်။ ရုတ်တရက် ခြေထောက်က ခွေယိုင်လာပြီး ရှေ့မှာေ၀၀ါးနေသည်။ အားတင်းပြီး ဆက်လျှောက် ကြည့်သည်။ တစ်လှမ်း ... နှစ်လှမ်း ... သုံးလှမ်းလောက်တွင် ဘယ်လိုမှ မရပေ။ ဆိုင်တစ်ဆိုင် ၏ ဆိုင်းဘုတ်အောက်တွင် လဲကျသွားသည်။ စိတ်ထဲတွင် လမ်း ဆက်လျှောက် နေသည်။ မျက်ရည်များ ကျလာသည်။ ထို့နောက် ... ကျွန်တော့် နာမည်မှာ အများက အီးတီ ဟု ခေါ်ကြသည်။ ပန်းရန် အလုပ်ကို ကျွန်တော် ၈ တန်းနှစ် ကျောင်းထွက်ပြီး ကတည်းက စလုပ်ခဲ့သည်။ အလုပ်သမားတို့ ထုံးစံအတိုင်း အဖိတ် နှင့် ဥပုသ် နားရက်တွင် အဆိုပါဆိုင်ကို ကျွန်တော် ရောက်ခဲ့သည်။ အစပိုင်းတွင် ၀ါရင့် အစ်ကိုကြီး များက ခေါ်ခဲ့ခြင်း ဖြစ်သည်။ သူတို့နှင့် အတူ အမြည်းစားရင်း သူတို့ ဖွင့်ချသော လူမှုရေး ၊ စီးပွားရေး ၊ အချစ်ရေး ခံစားချက် များကို နားထောင် ရသည်မှာ တစ်မျိုး အရသာ ရှိလှသည်။ တဖြည်းဖြည်း အလာစိပ် လာသောအခါ ကိုယ်တိုင်လည်း စမ်းကြည့်ချင် လာသည်။ ပထမဆုံး သောက်လိုက်စဉ်က ပါးစပ် နှင့် ရင်ထဲတွင် ပူထူကုန်သည်။ လည်ချောင်း တစ်လျှောက် ဓားနှင့် မွှန်းလိုက် သလား မှတ်ရသည်။ ခါးသက်သည့် အရသာသည် ကျွန်တော့် ပါးစပ်နှင့် အထာမကျသေး။ အနီးရှိ ဆိတ်သားခြောက် လေးကို အမြန်ဝါး လိုက်မှ သက်သာသလို ရှိသည်။ ဘေးမှ အပေါင်းအဖော်များ ၀ိုင်းရယ် နေကြသည်ကို စိတ်ထဲက မကျေမနပ် ဖြစ်မိသည်။ ထို မကျေနပ် ချက်ကြောင့်ပင် တစ်စတစ်စ အစပျိုးခဲ့သည် မဟုတ်ပါလား။ စစချင်းတွင် ပူလောင်သလို နှင့် တဖြည်းဖြည်း အခါးဓာတ်၏ အရသာမှာ ချိုသလိုလို ဖန်ခွက်နှင့်တစ်ကျိုက် မော့လိုက် အမြည်းလေး ၀ါးလိုက်နှင့် စည်းချက် ကိုက်လှသည်။ တဖြည်းဖြည်း အခါးဓာတ်၏ အရသာမှာ ချိုမြမြနှင့် ရှတတ နိုင်လှသည်။ ထိုအရသာ ကို စွဲမက် မိလေပြီ။ သည်လိုနှင့် အဖိတ် ၊ ဥပုသ်နေ့တိုင်း ရောက် တစ်လှည့် ပြတ်တစ်ခါ ဖြင့် နှစ်တွေ ကြာလာခဲ့သည်။ အချိန် ကြာလာသည်နှင့် အမျှ ထိုနေရာသို့ သွားလိုစိတ်မှာ အဖိတ် ၊ ဥပုသ်နေ့ တို့တွင် သာမဟုတ်ဘဲ နေ့တိုင်းလိုလို ရောက်ဖြစ်သည်။ အဖိတ်နေ့ ငွေထုတ်ရက်တွင် စိတ်ကြိုက် သောက်ပြီး ကျန်ရက်များတွင် ဖြစ်သလို ဖြေရှင်းသည်။ ကျွန်တော့်ထက် ၀ါရင့်သော သူတစ်ဦးက ဒီအရက်တွေက " အဆိပ် " တွေဟု ပြောဖူးသည်။ အရက်ဆီ နှင့် ရေရောစပ် ပြီးသားကို နှစ်ရက် သုံးရက်နေမှ သောက်သင့်သည်။ မဟုတ်ပါက အဆိပ် ဖြစ်တတ်သလို ကျန်းမာရေး ထိခိုက်နိုင်သည်။ ရှင်းရှင်း ပြောရရင်တော့ မြန်မြန်သေမယ်။ သို့သော် ကျွန်တော်တို့ ရှိနေခိုင်မှာပင် လတ်လတ် ဆတ်ဆတ် ရောစပ်နေသော အရက်ဆီ စူးရှရှမှာ တစ်မျိုး ဆွဲဆောင် နေသည်။ ထိုအရာကို အဆိပ်ဟု ဆိုစေဦးတော့ ကျွန်တော် တစ်ယောက်တည်း မဟုတ်ပါ။ လူအများ နှစ်ခြိုက်စွာ သောက်နေကြ သဖြင့် အဆိပ်ဟု မည်သူက ထောက်ခံ ပါမည်နည်း။ ပြောသူသာလျှင် အရူးဖြစ်မည်။ ဘာပဲပြောပြော အဆိပ်သည် ချိုနေသည်မှာ ထူးဆန်းသည်ဟု ပြောရမည်။ ကြာပါပြီ။ နှစ်ကြာ လာတော့ အမြည်းမပါဘဲ သောက်တတ် လာသည်။ အလုပ် မသွားဘဲလည်း အရက်ဖိုး ရှာတတ် လာသည်။ အရက်သည် တဖြည်းဖြည်း နည်းရုံမက ကုန်ခန်းလာသည်။ အပေါင်းအသင်း များနှင့် စကားပြောရန် ထက် တွေ့လျှင် အရက်ဖိုး တောင်းသော အဆင့်သို့ ရောက်လာသည်။ အပေါင်းအသင်း များလည်း ရှောင်သွား ကြသည်။ ယခင်က အမြည်း အလကား ကျွေး၍ တိုက်ခဲ့ကြ သူများက ကျွန်တော် လာလျှင်ပင် မမြင်ချင် ဟန်ဆောင် နေကြသည်။ ထို့ကြောင့် ထိုဆိုင်ကို နေ့ခင်းဘက်တွင် အရောက်နည်း ခဲ့သည်။ နံနက် စောစော နှင် ညနေပိုင်းသည် အဆင်ပြေသည်။ တစ်ခါတစ်ရံ ညနေပိုင်း အလှပ်မှ ပြန်လာသော လုပ်ဖော် ကိုင်ဖက်ဟောင်း များနှင့် ကြုံလျှင် တိုက်သွား တတ်ကြ သေးသည်။ တစ်စတစ်စနှင့် နံနက် ၊ နေ့လယ် ၊ ညနေအချိန် ဆက်လာ ကြသည်။ ဆာလောင်မှု အာသာ မပြေမှုက ပိုမို ဆိုးဝါးလာသည်။ အဝေးမှ ကြည့်လျှင် ကျွန်တော့်ကို ခေါင်းသာ မြင်ရသည်ဟု အမေက ပြောသည်။ လူက ခေါင်းကြီး ၊ ကိုယ်သေး နှင့် ကြည့်ရဆိုးသည်။ တချို့က အရက်သမားဗိုက် ၊ အရက်နာဗိုက် ဟု ကင်ပွန်းတပ် ကြသေးသည်။ လူကပိန်ပြီး ဗိုက်က ပူလာသည်မှာ ထို အရည်တွေ သောက်လို့ပဲ ဖြစ်မည်။ ထိုအရာက ကျွန်တော့် အတွက် အရေးမကြီး ၊ အရေးကြီး သည်က တစ်နေ့ သုံးကြိမ် မှန်မှန်သောက် ရရေး မိသားစုထံမှ အရက်ဖိုး ရရေးပင် ဖြစ်သည်။ တချို့ နောင်တော်ကြီး များမှာ ကျွန်တော့်လို ခန္ဓာကိုယ် နှင့် တစ်ယောက်ပြီး တစ်ယောက် ပျောက်ပျောက် သွားကြသည်။

ဒါကိုလည်း မှုစရာမလို။ လူတိုင်း လာရာလမ်းကို အချိန်တန်လျှင် ပြန်ရမည် မဟုတ်ပါလား။ " ဒီမှာ ... ဒီမှာ ... အရက်မူးသမား တစ်ယောက် လဲနေတယ်။ ဆိုင်းဘုတ်နားမှာ " အမျိုးသမီး တစ်ယောက် ၏ အသံပင်ဖြစ်သည်။ အခြားသူများ ၀ိုင်းလာကြသည်။ " ဒီ အရက်သမား သေနေပြီလား မသိဘူး ၊ လုပ်ကြပါဦး " ၊ " အောင်မာ လူကိုများ အရက်သမားတဲ့ " ၊ " အီးတီပဲ ဒီကောင် သေပြီလား မသိဘူး " မည်သူမျှ ၀ိုင်းထူ မပေးဘဲ ၀ိုင်းအုံ ကြည့်နေသည်။ သိက္ခာတော့ အကျမခံ အားယူ ကုန်းထ လိုက်သည်။ ကြောက်သလို ရွံ့သလို နှင့် လူများ နောက်ဆုတ် သွားကြသည်။ တစ်လှမ်း ... နှစ်လှမ်း ... ရှေ့မှာေ၀၀ါးနေသည်။ အမေ ... အမေ ... ကျွန်တော် ပြန်လာနေပြီ ရေရွတ်လျက် လှမ်းလိုက်သည်။ စိတ်က အိမ်ကို ရောက်နေသည်။ သို့သော် ....

#Yadanarpondaily

No comments:

Post a Comment