Pages

Thursday, April 24, 2014

ကြွယ်ဝချမ်းသာသော တိုင်းပြည်နှင့် လူသားအရင်းအမြစ်


ကြွယ်ဝချမ်းသာသော တိုင်းပြည်နှင့် လူသားအရင်းအမြစ်

ကြွယ်ဝ ချမ်းသာသော တိုင်းပြည် တည်ဆောက်ရာ၌ ခေတ်မီ အတတ်ပညာ၊ နည်းပညာများ တတ်မြောက် ကျွမ်းကျင်သည့် လူသား အရင်းအမြစ် များစွာ လိုအပ် ပေသည်။ ဖွံ့ဖြိုးပြီး နိုင်ငံများတွင် လူသား အရင်းအမြစ်များ ပေါများသဖြင့် ချမ်းသာ ကြွယ်ဝ ကြသည်ကို ဒိဋ္ဌဓမ္မ မြင်တွေ့ကြ ရသည်။

ဥပမာအားဖြင့် ကမ္ဘာကြီး၏ အနောက်ဘက်ရှိ ဗြိတိန်နိုင်ငံ နှင့် အရှေ့ဘက်ရှိ ဂျပန်နိုင်ငံ တို့သည် အလိုအလျောက် ကြွယ်ဝ ချမ်းသာ လာကြသော နိုင်ငံများ မဟုတ်ကြပေ။ နိုင်ငံငယ် သော်လည်း လူဦးရေ အများစုမှာ အတတ် ပညာရှင်၊ အသိ ပညာရှင်များ ဖြစ်ကြပြီး ရရှိလာသည့် အရင်းအမြစ် ကို ထိထိ ရောက်ရောက် အသုံးချ နိုင်ကြ သဖြင့် ချမ်းသာ ကြွယ်ဝ လာခြင်း ဖြစ်သည်။

အရာရာကို လူတို့ကသာ ဖန်တီး ကြသည်။ လူသာ ပဓာန ကျသည်ဟု ဆိုကြသည်။ အဆိုပါ လူမှာ အတတ် ပညာရှင်၊ အသိ ပညာရှင်၊ လူသား အရင်းအမြစ် များဖြစ်သည်။ ထို့ကြောင့် အသိပညာ၊ အတတ် ပညာ ဟူသည် အရာရာကို ဖန်တီး နိုင်စွမ်း ရှိသည့် အဖိုး အနဂ္ဃ ထိုက်တန်သော သိဒ္ဓိတစ်ပါး ဟု တင်စား နိုင်ပေသည်။

မြန်မာနိုင်ငံတွင် စိုက်ပျိုးနိုင်သည့် မြေရှိသည်။ သစ်တော များလည်း ရှိသည်။ သတ္တုနှင့် အခြား တွင်းထွက် သယံဇာတများ ပေါများ ကြွယ်ဝသည့် အခြား တိုင်းပြည်များ နှင့် နှိုင်းယှဉ်လျှင် နယ်မြေ ကျဉ်းလွန်းခြင်း၊ ကျယ်လွန်းခြင်း မရှိဘဲ နိုင်ငံ၏ လူဦးရေနှင့် သင့်တင့် လျှောက်ပတ်သည့် အကျယ် အဝန်း ရှိသည်။ ထို ကောင်းမွန်သော အနေအထား များကြောင့် စီးပွားရေးနှင့် တိုးတက် ဖွံ့ဖြိုးရေး အတွက် အလားအလာ ကောင်းများ ရှိသည့် နိုင်ငံ ဖြစ်သည်။

ထိုကဲ့သို့ သဘာဝ အရင်းအမြစ်များ ပေါများ ကြွယ်ဝ သော်လည်း အသိ ပညာရှင်၊ အတတ် ပညာရှင်များ နည်းပါး သောကြောင့် နိုင်ငံတော်၏ စီးပွားရေးနှင့် ဖွံ့ဖြိုးရေး အတွက် နှောင့်နှေးပြီး နိုင်ငံသူ၊ နိုင်ငံသား တို့၏ စားဝတ် နေရေး ဖူလုံမှုနှင့် ကြီးပွား တိုးတက်ရေး အတွက် အစွမ်းကုန် ကြိုးပမ်း ကြရမည် ဖြစ်ပေသည်။

အချို့သော နိုင်ငံများကို ကြည့်လျှင် နိုင်ငံ ကျယ်ဝန်း သော်လည်း သယံဇာတ နည်းပါးသော နိုင်ငံများ၊ နိုင်ငံ ကျဉ်းမြောင်း သော်လည်း သယံဇာတ ပေါကြွယ်ဝသော နိုင်ငံများ ရှိနေသည်ကို မြင်တွေ့ ကြရသည်။ ထို ပကတိ ဖြစ်ပေါ် နေသည်များကို အခြေခံလျှင် နယ်မြေ ကျဉ်းမြောင်းခြင်း၊ ကျယ်ဝန်းခြင်း ထက် တိုင်းသူ၊ ပြည်သား တို့၏ စားဝတ်နေရေး ဖူလုံမှုနှင့် ကြီးပွား တိုးတက်ရေး အတွက် သဘာဝ အခြေအနေများ ကောင်းမွန်ခြင်း က ပို၍ အရေးပါ သည်ကို တွေ့ရ ပေသည်။

သို့ဖြစ်ရာ တိုင်းပြည် တစ်ပြည်၊ နိုင်ငံ တစ်နိုင်ငံ အနေဖြင့် သယံဇာတ လည်းရှိ၊ အသိ ပညာရှင်၊ အတတ် ပညာရှင် လူသား အရင်းအမြစ် များလည်း ရှိနေမည် ဆိုပါက ကြီးပွား တိုးတက် ကြွယ်ဝ ချမ်းသာ လာသော တိုင်းပြည်၊ နိုင်ငံတစ်ခု ဖြစ်လာ နိုင်ပါကြောင်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment