Pages

Monday, April 21, 2014

ပစ္စုပ္ပန်သံသရာ နှစ်ဖြာကောင်းကျိုးသုခ ရကြစေကြောင်း နည်းလမ်းကောင်းများ


ပစ္စုပ္ပန်သံသရာ နှစ်ဖြာကောင်းကျိုးသုခ ရကြစေကြောင်း နည်းလမ်းကောင်းများ

တိုင်းပြည် စည်ကား တိုးတက်ကြောင်း တရားများမှာ မပြတ် စည်းဝေး တိုင်ပင်၍ ဆောင်ရွက်ဖွယ် ကိစ္စတို့ကို အညီအညွတ် ဆောင်ရွက်ခြင်း၊ ရှေးက မရှိခဲ့သော ဥပဒေ စည်းကမ်းကို အသစ် ပညတ်ခြင်း၊ အသက်အရွယ် ကြီးသူတို့ကို အလေးအမြတ် ပြုခြင်း၊ အစဉ်အလာ လှူဒါန်း ပူဇော်မှုကို ဆက်လက် ဆောင်ရွက်ခြင်း တို့ ပါဝင်သည်။

ဂေါတမ မြတ်စွာဘုရား ၏ ထေရဝါဒ ဗုဒ္ဓ သာသနာတော် သည် ပထမ မြန်မာ နိုင်ငံတော် ပုဂံခေတ်မှ စ၍ အစဉ်အဆက် ထွန်းကား ပြန့်ပွား ခဲ့သည်။ သစ္စာလေးပါး မြတ်တရား တို့ကို ကိုယ်တိုင် သိတော်မူ၍ သတ္တဝါ တို့အားလည်း သိအောင် ဟောကြား နိုင်သော ဘုရားဖြစ်မည့် ပုဂ္ဂိုလ်တို့တွင် ပညာဓိက ဗောဓိသတ္တ ဟု ဆိုအပ်သော ပုဂ္ဂိုလ်မှာ ပညာ လွန်ကဲ၍ လေးသင်္ချေ နှင့် ကမ္ဘာ တစ်သိန်းမျှ ပါရမီ ဖြည့်ကျင့် ခဲ့ရသည့် ဘုရား အလောင်းတော်၊ သဒ္ဓါဓိက ဗောဓိသတ္တ ဟု ဆိုအပ်သော ပုဂ္ဂိုလ်မှာ သဒ္ဓါ လွန်ကဲ၍ ရှစ်သင်္ချေ နှင့် ကမ္ဘာ တစ်သိန်းမျှ ပါရမီ ဖြည့်ကျင့် ခဲ့ရသည့် ဘုရား အလောင်းတော်၊ ဝီရိယာဓိက ဗောဓိသတ္တ ဟု ဆိုအပ်သော ဝီရိယ လွန်ကဲ၍ ၁၆ သင်္ချေနှင့် ကမ္ဘာ တစ်သိန်းမျှ ပါရမီ ဖြည့်ခဲ့ ရသည့် ဘုရား အလောင်းတော် ဟူ၍ သုံးမျိုး ရှိကြသည်။ ဂေါတမ မြတ်စွာဘုရား အလောင်းတော် သိဒ္ဓတ္ထ မင်းသားသည် လေးသင်္ချေ နှင့် ကမ္ဘာ တစ်သိန်းမျှ ပါရမီ ဖြည့်ကျင့် ခဲ့ရသဖြင့် ပညာဓိက ဗောဓိသတ္တ ဘုရား အလောင်းတော် ဖြစ်သည်။

ဂေါတမ မြတ်စွာဘုရား သက်တော် ထင်ရှားရှိစဉ် ၄၅ ဝါ ကာလပတ်လုံး ဟောကြား တော်မူ အပ်သော ဓမ္မက္ခန္ဓာ ပေါင်း ၈၄ဝဝဝ နှင့် သာသနာတော် သုံးရပ် တို့သည် အနော်ရထာ မင်းကြီး၏ အာဏာစက် နှင့် ရှင်အရဟံ မထေရ်မြတ် တို့၏ ဆုံးမ လမ်းညွှန် မှုဖြင့် မြန်မာနိုင်ငံ၌ တည်တံ့ ခဲ့ခြင်း ဖြစ်သည်။ မြတ်ဘုရား ၏ သာသနာ့ အမွေ ခံယူရန် မြန်မာ သက္ကရာဇ် ၁၃၇၆ ခုနှစ်သို့ ကူးပြောင်းသည့် နှစ်ဆန်း တစ်ရက်တွင် နိုင်ငံတော် သမ္မတရုံး စုပေါင်း ရဟန်းခံ ရှင်ပြု အလှူတော် မင်္ဂလာ အခမ်းအနားကို ပျဉ်းမနားမြို့ ရွာကောက် ရပ်ကွက်ရှိ မင်္ဂလာ ဗျူဟာ သာသနာ့ ဗိမာန် တော်ကြီး၌ ကျင်းပခဲ့ရာ နိုင်ငံတော် သြဝါဒါ စရိယ ဆရာတော် ကြီးများ ကြွရောက်၍ ပြည်ထောင်စု ဝန်ကြီး ဌာနများမှ ရှင် သာမဏေလောင်း ၃၂ ပါးနှင့် ရဟန်းလောင်း အပါး ၁ဝဝ စုစုပေါင်း ၁၃၂ ပါးတို့အား သာသနာ့ ဘောင်သို့ သွတ်သွင်း ချီးမြှင့် ပေးခဲ့သည်။

အလားတူ မြန်မာ သက္ကရာဇ် ၁၃၇၆ ခုနှစ် နှစ်ဆန်း ၁ ရက်တွင် တပ်မတော် တိုင်းစစ်ဌာနချုပ် အသီးသီး ၌ သက်ကြီး ဘိုးဘွားများအား ပူဇော် ကန်တော့ပွဲများ နှင့် ဇီဝိတဒါန၊ အဘယဒါန နှင့် အာယုဒါန မင်္ဂလာပွဲများ
ကျင်းပခဲ့ရာ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် မှူးများနှင့် တပ်မတော် အရာရှိကြီးများ၊ တပ်ရင်း၊ တပ်ဖွဲ့မှူးများ၊ အရာရှိနှင့် စစ်သည် မိသားစုများ တက်ရောက်၍ သက်ကြီး ဘိုးဘွားများအား ပူဇော် ကန်တော့ ကြပြီး ဂါရဝပြု ထောက်ပံ့ငွေ နှင့် လှူဖွယ် ပစ္စည်းများ ပေးအပ်ကာ စတုဒိသာ ကျွေးမွေး ဧည့်ခံခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ တစ်နေ့တာ အာဟာရ ကုသိုလ် ပြုခြင်းများ ဆောင်ရွက် ခဲ့ကြသည်။

သို့ဖြစ်၍ မြန်မာ သက္ကရာဇ် ၁၃၇၆ ခုနှစ်သို့ ကူးပြောင်းသည့် နှစ်ဆန်း တစ်ရက်တွင် မြန်မာ ပြည်သူ အပေါင်းတို့ ပြုခဲ့ကြသည့် ကောင်းမှု ကုသိုလ် အစုစု တို့သည် ပစ္စုပ္ပန် သံသရာ နှစ်ဖြာတို့တွင် ကောင်းကျိုး သုခ ရရှိနိုင်မည့် အပြင် တိုင်းပြည် စည်ကား တိုးတက်ရာ သော အကြောင်းတရား များပင် ဖြစ်ရကား မြဝတီက ဝမ်းမြောက် နုမော် သာဓု ခေါ်ဆို လိုက်ရ ပေသည်။ ။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment