Pages

Monday, March 24, 2014

မိမိစိတ်လေး ကောင်းအောင်ပြုပြင်


မိမိစိတ်လေး ကောင်းအောင်ပြုပြင်

လူတို့၏ စိတ်သည် လက်ဖျောက် တစ်ချက် တီးချိန် အတွင်းမှာပင် ကုဋေတစ်သိန်း ဖြစ်ပျက်  တတ်သည်ဟု သိရသည်။ ထိုကဲ့သို့ လျင်မြန် လှသောကြောင့် မိနစ်ပိုင်း အတွင်းမှာပင် စိတ်ကောင်း၊ စိတ်ဆိုး တစ်လှည့်စီ ဖြစ်ပျက် တတ်သည်ကို သတိမူ ကြရမည် ဖြစ်ပေသည်။

လူတို့သည် ကုသိုလ် ကောင်းမှု ပြုလုပ်နေစဉ် မဝေးလှသော နေရာမှ စီးပွားရေး လုပ်ငန်း အကြောင်း ပြောနေသည်ကို ကြားလိုက် မိလျှင် လောဘစိတ်ကို ပြောင်းစေသည်။ မနှစ်မြို့ ဖွယ်ရာများကို ကြားလိုက် မိလျှင်လည်း ဒေါသစိတ် ကို ဖြစ်စေသည်။

တစ်စုံတစ်ရာ အလိုမကျ၍ ခိုက်ရန်ဒေါသ ဖြစ်လိုသော အခါ၌ မိဘဆရာ များ၏ ဆိုဆုံးမမှုကို သတိရ လိုက်သဖြင့် အသိတရား ရပြန် လျှင်လည်း ကောင်းသော ကုသိုလ်စိတ် ဖြစ်ရ ပြန်သည်။

ဤသို့ဖြင့် စိတ်ဖြစ်တိုင်း၊ စိတ်ဖြစ်တိုင်း အပြောင်းအလဲ မြန်တတ်သော စိတ်ကို အကောင်း၊ အဆိုး ခွဲခြား သိတတ်စေရန် သတိထား ဆင်ခြင်ပြီး မိမိတို့၏ စိတ်ထားများ ကောင်းအောင် မိမိ ကိုယ်ကို ပြုပြင်ကြရန် လိုပေသည်။

လူတို့သည် တစ်ဦးနှင့် တစ်ဦး ရုပ်ချင်းလည်း မတူသကဲ့သို့ စိတ်ချင်းလည်း ကွဲပြား တတ်သည်။ စိတ်လက္ခဏာ၊ ရုပ်လက္ခဏာ မည်မျှမတူ ပါသော်လည်း ကောင်းသော စိတ်နှင့် ရုပ်တို့ ဖြစ်အောင် အားထုတ် ပြုပြင် ဆောင်ရွက် နိုင်မှုခြင်း တူကြရမည် ဖြစ်ပေသည်။

မိမိတို့၏ ရုပ်လက္ခဏာ များကို ခေတ်နှင့်အညီ လိုက်ဖက် မီအောင် တဖြည်းဖြည်း ပြုပြင်မွမ်းမံ မည်ဆိုလျှင် ပြောင်းလွယ်၊ မြန်လွယ်၊ ပြုပြင် လွယ်သော မိမိတို့၏ စိတ်ကို အမှန်တကယ် ပြုပြင် ပြောင်းလဲ နိုင်ပေမည်။

မိမိတို့၏ စိတ်အတွင်း၌ နေ့စဉ် ဖြစ်ပုံ၊ ပျက်ပုံတို့ကို နှလုံးသွင်း သတိထား၍ ကောင်းသော စိတ်များ တိုးပွားအောင်၊ မကောင်းသော စိတ်များ ပါးလျားအောင် တစ်စတစ်စ အားထုတ် သွားမည် ဆိုလျှင် များမကြာမီ ကာလတွင် စိတ်ကောင်း၊ နှလုံးကောင်း ရှိသူ တစ်ယောက် ဖြစ်လာ ပေလိမ့်မည်။

မိမိစိတ်ကို မိမိတို့သာ အသိဆုံး ဖြစ်သည်။ မိမိတို့၏ စိတ်ထားများ မြင့်ခြင်း၊ နိမ့်ခြင်းသည် အတန်းအစား နှင့် မသက်ဆိုင်ဘဲ အတန်းအစား နိမ့်သူပင် ဖြစ်လင့်ကစား စိတ်ထား မြင့်မြင့် ထားရှိ ပါက အထက်တန်းစား ဟု ခေါ်ဆို နိုင်ပေသည်။

သို့ဖြစ်ရာ မိမိတို့၏ စိတ်ထားများ ကာလဒေသ ပယောဂ တို့ကြောင့် မပျက်ယွင်း ချင်ဘဲ ပျက်ယွင်း နေကြပါလျှင် သော်လည်းကောင်း၊ နဂိုစိတ်ရင်း မှားယွင်း နေလျှင် သော်လည်းကောင်း မိမိ၏ စိတ်ကို မိမိကိုယ်တိုင် ပြန်လည် ပြုပြင် တည့်မတ်ကာ ကောင်းသည်ထက် ကောင်းအောင် အားထုတ် ပြုပြင်ကြ စေလိုကြောင်း ရေးသား တင်ပြ လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment