Pages

Friday, March 21, 2014

" ငါ " စွဲကိုဖြုတ် သမစိတ်ဓာတ်ထား လုပ်ဆောင်


" ငါ " စွဲကိုဖြုတ် သမစိတ်ဓာတ်ထား လုပ်ဆောင်

လူ့ဘောင် အဖွဲ့အစည်း များတွင် စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး လုပ်ငန်း များကို ဒေသ အလိုက်၊ နယ်ပယ် အလိုက် လုပ်ကိုင် ဆောင်ရွက်လျက် ရှိကြသည်။ ထိုသို့ လုပ်ဆောင် ကြရာတွင် တစ်ဦးနှင့် တစ်ဦး၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ သမ စိတ်ဓာတ်မျိုး လူတိုင်း ထားကြရန် လိုပေသည်။

သမစိတ်ဓာတ် ဟူသည် ဖြောင့်မတ်သော၊ ရိုးသားသော၊ မှန်ကန်သော၊ ညီညွတ် မျှတသော စိတ်ကို ဆိုပေသည်။ ဓမ္မဓိဋ္ဌာန် ကျသော စိတ်ဟုလည်း ခေါ်ဆို ပေသည်။ သမစိတ်ဓာတ် သည်သာ လျှင် လုပ်ကိုင်သော လုပ်ငန်း အားလုံး အတွက် ဖြောင့်မတ် မှန်ကန်သော လမ်းကြောင်း ကို ဖော်ဆောင် ပေးနိုင်သည်။

လူတိုင်း လူတိုင်းတွင် အယူအဆစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ၊ ဝါဒစွဲ စသည်ဖြင့် ရှိကြသည်။ အဆိုပါ အစွဲများ အနက် ငါစွဲ (ခေါ်) အတ္တစွဲ သည် အဆိုးဆုံး ဖြစ်သည်။ အတ္တစွဲသည် သမစိတ်ကို ပျက်စီး စေသည်။ ထို့ကြောင့် ငါစွဲ (ခေါ်) အတ္တစွဲကို ဖြုတ်၍ ညီညွတ် မျှတသော သမစိတ်ကို မွေးကြ ရမည် ဖြစ်ပေသည်။

အများစုသည် ကိုယ်လုပ်တာမှ အဟုတ် ထင်တတ် ကြသည်။ ကိုယ်ပြော တာမှ မှန်သည်ဟု ထင်တတ် ကြသည်။ ဤသည်မှာ သမစိတ် နည်းပြီး အတ္တစိတ် လွန်ကဲ သောကြောင့် ဖြစ်သည်။ အချို့ လူများသည် အလုပ် တစ်ခုကို တခြားသူ လုပ်နေလျှင် လုပ်ငန်း အခက်အခဲ များကို မသိ၍ စိတ်တိုင်းမကျ ဖြစ်တတ်ပြီး ကိုယ်တိုင် လုပ်ကြည့်မှ အမှန်ကို သိကြသလို၊ အပြောအဆို တွင်လည်း မိမိပြောဆို မှသာ အောင်မြင် မည်ဟု ရှုမြင် တတ်ကြ သည်။

ဤကဲ့သို့ သမစိတ်ဓာတ် အခြေခံ အားနည်း နေပါက အကောင်းမြင် ဝါဒ၊ အကောင်းမြင် သဘော တရားများ ဆိတ်သုဉ်းပြီး အမြဲ လိုလိုပင် အဆိုးမြင် သဘော ကိုသာ အားပေး နေသကဲ့သို့ ဖြစ်ချေမည်။ သူ မကောင်း၍ ကိုယ် မကောင်း၊ သူ မပြော၍ ကိုယ် မပြော၊ သူ မလုပ်၍ ကိုယ် မလုပ်၊ သူ မချစ်၍ ကိုယ် မချစ်၊ သူ ဂရုမစိုက်၍ ကိုယ် ဂရုမစိုက် စသည်ဖြင့် စိတ်ဓာတ် ရေးရာ ပျက်ပြားခြင်း များ တိုးလာ နိုင်ပေသည်။

ထို့ကြောင့် သမစိတ်ဓာတ် သည် အဓိက ကျသော အခြေခံ လိုအပ်ချက် ဖြစ်သည်။ သမစိတ်ဓာတ် သည် စိတ်ကောင်း၊ နှလုံးကောင်း မှလာသည်။ နှလုံးသား ဖြူစင်မှ စိတ်ထား ကောင်းမည်။ သို့မှသာ အကြောင်းအရာ တစ်ခု အပေါ်တွင် ကောင်း၊ မကောင်း၊ တော်၊ မတော်၊ သင့်၊ မသင့်၊ မှန်၊ မမှန် စသည်ဖြင့် ချင့်ချိန် စဉ်းစား နိုင်မည် ဖြစ်သည်။ သမစိတ်ဓာတ် ထားပြီး လုပ်ကိုင် ဆောင်ရွက် ကြမှ လူအချင်းချင်း ချစ်ခင် လေးစား၊ ယုံကြည် အားကိုး လာကြမည် ဖြစ်ပေသည်။

သို့ဖြစ်ရာ လူတိုင်း လူတိုင်းသည် လုပ်ငန်း ဆောင်တာ များကို လုပ်ကိုင် ဆောင်ရွက် ကြရာတွင် 'ငါ' ဆိုသော အတ္တအစွဲ ကိုဖြုတ်၍ သမစိတ်ဓာတ် ကို အခြေခံ ထားကာ ဆောင်ရွက် ပါက ကြီးပွား တိုးတက် ချမ်းသာမည့် အောင်မြင်မှု ပန်းတိုင်သို့ မလွဲမသွေ ရောက်ရှိ ကြမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment