Pages

Tuesday, March 11, 2014

ဘ၀ရည်မှန်းချက် အတွက် သော့ချက်များ


ဘ၀ရည်မှန်းချက် အတွက် သော့ချက်များ

လူတိုင်း လူတိုင်း ဘဝ ရည်မှန်းချက် ရှိကြသည်။ ဘဝ ရည်မှန်းချက် အတိုင်း ဖြစ်ခြင်း၊ မဖြစ်ခြင်းသည် ကံ၊ ဉာဏ်၊ ဝီရိယ တို့နှင့် ဆိုင်သည်ဟု ဆိုကြသော်ငြား အခြား အကြောင်းအရာ များစွာ ရှိကြရာ ဆန္ဒ၊ ဝီရိယ၊ အာရုံ စူးစိုက်မှု၊ သန္နိဋ္ဌာန် နှင့် စည်းကမ်း တို့ပင် ဖြစ်သည်။ 

ဆန္ဒသည် ကိုယ်ပိုင် ရွေးချယ် ဆုံးဖြတ်ခြင်း နှင့် ပတ်ဝန်းကျင် တိုက်တွန်းမှု ဟူ၍ နှစ်မျိုး ရှိနိုင်သည်။ မိမိ ဝါသနာ အလျောက် နှစ်သက်ရာ ရွေးချယ် လုပ်ကိုင်သော အလုပ်တစ်ခု ၏ ကောင်းကျိုး ဆိုးပြစ် တို့ကို ကျေနပ်စွာ လက်ခံ နိုင်ကြသူက အများစု ဖြစ်သည်။ မိမိ ဝါသနာ မပါသော်လည်း ပတ်ဝန်းကျင် အသိုင်းအဝိုင်း ၏ တိုက်တွန်း မှုကြောင့် ရွေးချယ် လိုက်ရသော လုပ်ငန်း တစ်ခု၏ ကောင်းကျိုး ဆိုးပြစ်ကိုမူ လျစ်လျူရှု တတ်ကြသည်။ ထို့ကြောင့် လုပ်ငန်း တစ်ခု လုပ်ကိုင် ကြရာတွင် ကာယကံရှင် ၏ စိတ်ဆန္ဒ ( Desire ) သည် အဓိက ဖြစ်သည်။

ဝီရိယ သည် လုပ်ငန်း တစ်ခု အောင်မြင်ရေး အတွက် မောင်းနှင်အား ( Drive ) ဖြစ်သည်။ တစ်နည်း အားဖြင့် အချိန်ကို လေးစား တန်ဖိုးထားခြင်း နှင့် အပျင်း ခြောက်ပါးကို ရှောင်ရှားခြင်း ပင်ဖြစ်သည်။ မိမိကိုယ်တိုင် သော် လည်းကောင်း၊ ပတ်ဝန်းကျင် တိုက်တွန်းမှု ကြောင့် သော် လည်းကောင်း ဘဝ ရပ်တည်ရေး အတွက် လုပ်ငန်း တစ်ခု လုပ်ကိုင် ကြရာတွင် လုပ်ငန်း အပေါ် အာရုံစူးစိုက်မှု အထူး လိုအပ်သည်။ လုပ်ငန်းအပေါ် အာရုံစူးစိုက်မှု နည်းပါးသူ တစ်ဦးသည် လုပ်ဖော် ကိုင်ဖက် များ၏ ယုံကြည် စိတ်ချမှု အနည်းဆုံး ရရှိသူ ဖြစ်သဖြင့် မိမိအတွက် အခွင့်အလမ်းကို မိမိ ကိုယ်တိုင် ပိတ်ပင်ခြင်း ပင်ဖြစ်သည်။ ထို့ကြောင့် လုပ်ငန်းအပေါ် အာရုံစူးစိုက် ၍ ဘဝကို မြှုပ်နှံ ကြိုးစားခြင်း ( Dedication ) သည် ဘဝ ရည်မှန်းချက် အောင်မြင်ရေး အတွက် လိုအပ်ချက် တစ်ခု ဖြစ်သည်။

မည်သည့် လုပ်ငန်းမျိုး မဆို အစ၊ အလယ်၊ အဆုံး သုံးပါးစလုံး ၌ အကောင်းဆုံး ပြီးမြောက် အောင်မြင် စေရန် အခက်အခဲ များကို ကျော်ဖြတ်ရာ၌ ဆန္ဒ၊ ဝီရိယ နှင့် အာရုံစူးစိုက်မှု တို့ဖြင့် အားထုတ်မည် ဟူသော သန္နိဋ္ဌာန် စိတ် ( Determination ) ခိုင်မာစွာ ချမှတ်ထား ရမည် ဖြစ်သည်။ အခက်အခဲနှင့် စိန်ခေါ်မှု များကို ကျော်ဖြတ် ကြရာ၌ ဖြတ်လမ်းသို့ မလိုက်ဘဲ အကြောင်းအကျိုး ကို ဉာဏ်နှင့် ဆင်ခြင်၍ သမာ အာဇီဝ ဖြစ်စေရန် စည်းကမ်း နည်းလမ်း ( Discipline ) များကိုလည်း လိုက်နာ ကြရမည် ဖြစ်သည်။ 

သို့ဖြစ်၍ ဘဝ ရည်မှန်းချက် ပြည့်ဝစေရန် လျှောက်လှမ်း ကြရာ၌ ဖြတ်လမ်း မရှိခြင်းကြောင့် ဆန္ဒ၊ ဝီရိယ၊ အာရုံစူးစိုက်မှု၊ သန္နိဋ္ဌာန်စိတ်၊ စည်းကမ်း နည်းလမ်းတကျ လိုက်နာ ဆောင်ရွက်ခြင်း တို့သည်သာ အဓိက သော့ချက်များ ဖြစ်ကြောင်း နှလုံးသွင်း ကြရမည် ဖြစ်ပေသည်။ ။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment