Pages

Sunday, March 23, 2014

တပ်မတော်(ရေ)မှ နိုင်ငံတော်ပိုင် ရေပြင် နယ်နိမိတ် ပင်လယ်ပြင် အတွင်း ရေထု၊ လေထု တို့ကို လုံခြုံစွာ ကာကွယ်ရေးနှင့် ကာကွယ်ရေး စွမ်းရည် ထက်မြက် လာစေရန် ကြိုးစားဆောင်ရွက်


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
စစ်နည်းဗျူဟာအဆင့် စစ်ရေယာဉ်များ ပူးပေါင်း လေ့ကျင့်ခန်း 
( Combined Fleet Exercise-Sea Shield 2014 ) 
အား ကြည့်ရှု စစ်ဆေးစဉ်


နေပြည်တော် ၊ ၂၃-၃-၂၀၁၄

တပ်မတော်(ရေ)မှ နိုင်ငံတော်ပိုင် ရေပြင် နယ်နိမိတ် ပင်လယ်ပြင် အတွင်း ရေထု၊ လေထုတို့ကို လုံခြုံစွာ ကာကွယ်ရေး နှင့် ကာကွယ်ရေး စွမ်းရည် ထက်မြက် လာစေရန် ရည်ရွယ်၍ စစ်နည်းဗျူဟာ အဆင့် စစ်ရေယာဉ် များ ပူးပေါင်း လေ့ကျင့်ခန်း (Combined Fleet Exercise-Sea Shield 2014) အား ယမန်နေ့ နံနက်ပိုင်း၌ မြန်မာရေပိုင်နက် (ကိုကိုးကျွန်း ဒေသ)တွင် ပြုလုပ်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ကြည့်ရှု စစ်ဆေးသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ တက်ရောက် ကြသည်။

ရှေးဦးစွာ စစ်ရေယာဉ်- အောင်ဇေယျ ပေါ်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား လေ့ကျင့်ခန်းကို ဦးဆောင်သည့် လေ့ကျင့်ခန်း ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် မိုးအောင်က လေ့ကျင့်ခန်းနှင့် ပတ်သက်၍ အကြောင်းအရာ ဖြစ်စဉ်ကို ရှင်းလင်း တင်ပြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား
 လေ့ကျင့်ခန်း ကွပ်ကဲရေးမှူး က လေ့ကျင့်ခန်း နှင့် ပတ်သက်၍ 
အကြောင်းအရာ ဖြစ်စဉ်ကို ရှင်းလင်း တင်ပြစဉ်

ထို့နောက် လေ့ကျင့်ခန်း ကွပ်ကဲရေးမှူး နှင့် စစ်ရေယာဉ်မှူး များသည် သက်ဆိုင်ရာ စစ်ရေယာဉ် များသို့ ပြန်လည် ထွက်ခွာပြီး လေ့ကျင့်ခန်းအား အစီအစဉ်အတိုင်း ဆက်လက် လုပ်ဆောင်ကြသည်။

ထိုသို့ ဆောင်ရွက် ရာတွင် ကြိုတင် ပြင်ဆင်ခြင်းမှ စတင်၍ ရန်သူ့ ရေယာဉ်များထံ ချီတက် ချဉ်းကပ်ခြင်း၊ ရန်သူ ရေယာဉ်များနှင့် ရေပြင် တိုက်စစ် ဆင်နွှဲခြင်း၊ ရေယာဉ်များ ပြန်လည် စုဖွဲ့ခြင်း၊ ပြင်ဆင်ခြင်း တို့ကို အပိုင်းလိုက် ဆောင်ရွက် ခဲ့သည်။ ရန်သူကို ချေမှုန်းရန် စတင် ချီတက်ချိန်မှ ချေမှုန်း ပြီးစီးချိန်ထိ Single Line Formation ၊ Diamond Formation ၊ Circular Formation ၊ Cruising Formation ၊ Formation Arrow Head နှင့် Line Abreast Formation များဖြင့် ရန်သူ၏ တုံ့ပြန် တိုက်ခိုက်မှု အလိုက် တပ်ဖြန့် စစ်ကစားမှုများ လေ့ကျင့်ခဲ့သည်။ ထို့အပြင် သက်ဆိုင်ရာ အပိုင်းများ အလိုက် ရှေ့ပြေး ကင်းထောက်မှု နှင့် ယောင်ပြ တိုက်ခိုက်မှုများ၊ အီလက်ထရွန်နစ် စစ်ဆင်မှုများ၊ လေကြောင်းရန် ကာကွယ်ရေး စစ်ဆင်မှုများ၊ ရေငုပ်သင်္ဘော ရန် ကာကွယ်ရေး စစ်ဆင်မှုများ၊ ဒုံးပျံ/ မြန်နှုန်းမြှင့် ပစ်မှတ် ရေယာဉ်များရန် ကာကွယ်ရေး စစ်ဆင်မှုများကို အဆင့်ဆင့် လေ့ကျင့်ခဲ့သည်။ လေ့ကျင့်ရာတွင် သင်္ဘော တစ်စင်းအား ပဲ့ထိန်းဒုံးကျည်ဖြင့် လက်တွေ့ ပစ်ခတ်ခြင်း အပါအဝင် လက်တွေ့ ပစ်ခတ်မှု အများအပြားဖြင့် လေ့ကျင့်ခဲ့သည်။

လေ့ကျင့်ခန်း ပြီးဆုံးချိန်တွင် လေ့ကျင့်ခန်းတွင် ပါဝင်ခဲ့သည့် စစ်ရေယာဉ်များက စစ်ရေယာဉ် - အောင်ဇေယျ ပေါ်တွင် စီးနင်း လိုက်ပါ လာသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား Fleet Review ဖြင့် ချီတက် အလေးပြု ကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား
 လေ့ကျင့်ခန်း တွင်ပါဝင်ခဲ့သည့် စစ်ရေယာဉ်များက 
Fleet Review ဖြင့် ချီတက် အလေးပြုစဉ်


ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်ရေယာဉ် - အောင်ဇေယျ ၏ ဧည့်သည်တော် မှတ်တမ်းတွင် လေ့ကျင့်ခန်း အထိမ်းအမှတ် အမှတ်တရ လက်မှတ် ရေးထိုးသည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က စစ်ရေယာဉ် - အောင်ဇေယျပေါ်မှနေ၍ လေ့ကျင့်ခန်း ကွပ်ကဲရေးမှူး၊ လေ့ကျင့်ခန်းတွင် ပါဝင် ဆောင်ရွက်ကြသော စစ်ရေယာဉ်မှူး များနှင့် စစ်ရေယာဉ် အသီးသီးပေါ်ရှိ အရာရှိ/ စစ်သည်များအား လေ့ကျင့်ခန်း များနှင့် ပတ်သက်၍ ပြန်လည်သုံးသပ် အမှာစကား ပြောကြားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
 လေ့ကျင့်ခန်း ကွပ်ကဲရေးမှူး ၊ လေ့ကျင့်ခန်းတွင် ပါဝင် ဆောင်ရွက်ကြသော 
စစ်ရေယာဉ်မှူးများ နှင့် စစ်ရေယာဉ် အသီးသီးပေါ်ရှိ အရာရှိ စစ်သည်များအား
 လေ့ကျင့်ခန်းများနှင့် ပတ်သက်၍ ပြန်လည် သုံးသပ် အမှာစကား ပြောကြားစဉ်


ထိုသို့ ပြောကြား ရာတွင် တပ်မတော်(ရေ) ၏ သမိုင်းတွင် အကောင်းဆုံး လေ့ကျင့်ခဲ့သည့် လေ့ကျင့်ခန်း အဖြစ် မှတ်တမ်းတင် ဂုဏ်ပြုကြောင်း၊ “မြန်မာ့ ပင်လယ် ဒို့ကာကွယ်”ဟူသော ဆောင်ပုဒ်နှင့် အညီ မိမိတို့၏ ပင်လယ်ပြင် ကို အတိုင်းအတာ တစ်ခုအထိ စောင့်ရှောက် ကာကွယ် နိုင်သည်ကို သက်သေပြ နိုင်ခဲ့ကြောင်း၊ မြန်မာ့ ရေပိုင်နက် သည် ကြီးမား ကျယ်ပြန့် သောကြောင့် တပ်မတော် (ရေ) သာမက တပ်မတော် (ကြည်း) နှင့် တပ်မတော်(လေ) တို့ပါ ပူးပေါင်း ကာကွယ်ရမည် ဖြစ်ကြောင်း။

ယခင်က ရေပြင်ပိုင်နက်ကို ကာကွယ်ရာတွင် သင်္ဘောသေး များဖြင့် ကမ်းခြေမှ ကာကွယ်ရခြင်း ဖြစ်၍ ရန်သူအတွက် အခြေအနေ ဖန်တီးနိုင်ခွင့် ပိုမိုရရှိစေကြောင်း၊ ယခု လေ့ကျင့်ခန်း တွင် ရန်သူ၏ အခြေအနေ ဖန်တီး နိုင်ခွင့်ကို ပိုင်နက် ရေပြင်တွင် ဟန့်တား ဖျက်ဆီး နိုင်သည့် အခွင့်အရေးကို တပ်မတော်(ရေ) အနေဖြင့် ရယူ ဖန်တီးနိုင်မည် ဖြစ်ကြောင်း၊ ပိုပြီး ဝမ်းမြောက် ဂုဏ်ယူရသည်မှာ မြန်မာ့ တပ်မတော်မှ တည်ဆောက် ထုတ်လုပ်သည့် စစ်ရေယာဉ် များကို အမာခံထား လေ့ကျင့် ဆောင်ရွက် နိုင်ခြင်း ဖြစ်ကြောင်း။

အာရှ၊ ပစိဖိတ်ဒေသ သည် ကမ္ဘာပေါ်တွင် အရေးပါသော နေရာဒေသ ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ သည်လည်း အာရှ၊ ပစိဖိတ်ဒေသ ကို ထိန်းချုပ်ရာတွင် မဟာဗျူဟာ အရ ဆက်စပ် အရေးပါကြောင်း၊ နိုင်ငံတော်၏ ရေပြင်/ လေပြင် / မြေပြင် ပိုင်နက် သုံးခုလုံးအား သူ့နေရာ နှင့်သူ ထိန်းသိမ်း ကာကွယ်နိုင်ရန် လိုကြောင်း၊ အနာဂတ်တွင် Blue Water Navy ကို သွားနိုင်ရမည် ဖြစ်ကြောင်း၊ စစ်၏ အခြေခံ သဘောတရား ဖြစ်သည့် ပစ်အားနှင့် စစ်ကစားမှု ကို ပိုင်နိုင်စွာ ပေါင်းစပ် အသုံးချ ရမည် ဖြစ်ကြောင်း၊ လေ့ကျင့်ခန်း တွင် ပါဝင်ေ ဆာင်ရွက် ကြသည့် အရာရှိ/ စစ်သည် များသည် တပ်မတော်၏ သမိုင်းကြောင်းကို ပစ္စုပ္ပန် ကာလတွင် ကိုယ်တိုင်ပါဝင် ရေးသား နေသူများ ဖြစ်ကြောင်း၊ ယခု လေ့ကျင့်ခန်း ကို အလေးအနက် ထား ဆောင်ရွက်ပြီး နောင်တွင် ယခုထက် ပိုမို ကောင်းမွန်အောင် ကြိုးပမ်း ဆောင်ရွက် ခြင်းဖြင့် အနာဂတ် မျိုးဆက်သစ် များအတွက် လက်ဆင့်ကမ်း အမွေများ ပေးဝေ ရမည် ဖြစ်ကြောင်း၊ အချုပ်အားဖြင့် ဤ လေ့ကျင့်ခန်းသည် တပ်မတော် (ရေ)၏ အခန်းကဏ္ဍကို သမိုင်းတစ်ခေတ် ဖော်ဆောင် နိုင်သည်ဟု ဂုဏ်ပြု ပါကြောင်း ပြောကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လေ့ကျင့်ခန်း တွင် ပါဝင်သည့် အရာရှိ/ စစ်သည်များ အတွက် ဂုဏ်ပြုဆုငွေ နှင့် လက်ဆောင် ပစ္စည်းများ ပေးအပ် ခဲ့သည်။

ယခု လေ့ကျင့်ခဲ့သည့် Combined Fleet Exercise-Sea Shield 2014 သည် ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြုလုပ်ခဲ့သည့် တပ်မတော် ကြည်း၊ လေ၊ အမြောက်နှင့် သံချပ်ကာတပ်ဖွဲ့များ၏ ပူးပေါင်း စစ်ဆင်မှု လေ့ကျင့်ခန်း နှင့် ဆက်စပ် လေ့ကျင့် ခဲ့ခြင်းဖြစ်ပြီး လေ့ကျင့်ခန်း တွင် ထောက်ပံ့ရေး စစ်ရေယာဉ်များ အပါအဝင် စစ်ရေယာဉ် မျိုးစုံ ၂ဝ စင်း ပါဝင် လေ့ကျင့် ခဲ့ကြောင်း သိရှိရသည်။




စစ်နည်းဗျူဟာအဆင့် စစ်ရေယာဉ် လေ့ကျင့်ခန်း  ( Combined Fleet Exercise-Sea Shield 2014 ) မှ ရန်သူ့ရေယာဉ်များထံ ချီတက်ချဉ်းကပ်ခြင်း ၊ ရန်သူ့ရေယာဉ်များ နှင့် ရေပြင် တိုက်စစ် ဆင်နွှဲခြင်း လေ့ကျင့်စဉ် 

No comments:

Post a Comment