Pages

Friday, March 14, 2014

အလုပ်ရှင် နှင့် အလုပ်သမား များအတွက် လူမှုဖူလုံရေး


အလုပ်ရှင် နှင့် အလုပ်သမား များအတွက် လူမှုဖူလုံရေး

မြန်မာနိုင်ငံ လူမှုဖူလုံရေး စီမံကိန်းကို ၁၉၅၄ ခုနှစ် လူမှုဖူလုံရေး အက်ဥပဒေ အရ ၁၉၅၆ ခုနှစ် တွင် စတင် ကျင့်သုံး အကောင် အထည်ဖော် ခဲ့သည်။ ယခုအခါ နှစ်ပေါင်း ၅ဝ ကျော် ကြာမြင့်ပြီ ဖြစ်ပြီး စီမံကိန်း အောက်တွင် အလုပ် ဌာနပေါင်း လေးသောင်းကျော် နှင့် အာမခံ အလုပ်သမားပေါင်း ခြောက်သိန်းကျော် ကို လူမှုဖူလုံရေး အခွင့်အရေးများ ဆောင်ရွက် ပေးနိုင်ပြီ ဖြစ်သည်။

ထိုသို့ ဆောင်ရွက် ပေးနိုင်သော အာမခံ အလုပ်သမား အရေအတွက် သည် မြန်မာနိုင်ငံ လူဦးရေ၏ တစ် ရာခိုင်နှုန်း သာရှိပြီး အိမ်နီးချင်း ထိုင်းနိုင်ငံ၏ လူမှုဖူလုံရေး စီမံကိန်းနှင့် နှိုင်းယှဉ်ပါက နည်းပါး နေဆဲ ဖြစ်သည်ကို တွေ့ရသည်။

ထိုင်းနိုင်ငံသည် လူမှုဖူလုံရေး စီမံကိန်းကို ၁၉၉၁ ခုနှစ်မှ စတင် ကျင့်သုံးခဲ့ပြီး စီမံကိန်း သက်တမ်း နှစ် ၂ဝ ကျော်တွင် လုပ်ငန်း ဌာနပေါင်း သုံးသိန်း ကိုးသောင်းကျော် နှင့် အာမခံ အလုပ်သမားပေါင်း ကိုးသန်း သုံးသိန်းကျော် ကို လူမှုဖူလုံရေး အခွင့်အရေးများ ဆောင်ရွက် ပေးနိုင်သည်ကို တွေ့ရသည်။ ထိုဦးရေသည် ထိုင်းနိုင်ငံ လူဦးရေ၏ ၁၅ ရာခိုင်နှုန်း ဖြစ်၍ မြန်မာနိုင်ငံ နှင့် နှိုင်းယှဉ်ပါက တိုးတက်မှု မြန်သည်ကို တွေ့ရသည်။

ထို့ကြောင့် မြန်မာနိုင်ငံ လူမှုဖူလုံရေး စီမံကိန်းကို နိုင်ငံတကာ ကျင့်သုံးမှုများ နှင့်အညီ ဆောင်ရွက် နိုင်ရန်အတွက် လူမှုဖူလုံရေး ဥပဒေသစ်ကို ၂ဝ၁၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး လိုအပ်ချက်များ ပြင်ဆင် ဖြည့်ဆည်းကာ ၂ဝ၁၄ ခုနှစ် ဧပြီ ၁ ရက်မှစတင် ကျင့်သုံး တော့မည် ဖြစ်သည်။

လူမှုဖူလုံရေး ဥပဒေသစ် နှင့်အညီ အာမခံ အလုပ်သမား များအား အကျိုး ခံစားခွင့်များ အမြန်ဆုံး ထုတ်ပေး နိုင်ရေးအတွက် ၂ဝ၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေသစ်ကို Computerize System ကျင့်သုံး ဆောင်ရွက် သွားမည် ဖြစ်သည်။

အာမခံ အလုပ်သမားများ ဆေးကုသမှု အဆင်ပြေ စေရေး အတွက် အဖွဲ့ပိုင် ဆေးရုံ၊ ဆေးခန်းများ ကို အဆင့်မြှင့်တင် ဆောင်ရွက်လျက် အလုပ်သမားများ လုပ်ငန်းခွင် မပျက် ဆေးကုသမှု ခံယူနိုင်ရေး နယ်လှည့် ဆေးကုသရေး ယာဉ် သြဘငူန Mobile Medical Unit ဖြင့် အလုပ်ဌာနများ အရောက် ကွင်းဆင်း ကုသရေး ဆောင်ရွက် သွားမည် ဖြစ်သည်။ ထို့ပြင် အာမခံ အလုပ်သမားများ နီးစပ်ရာ ဆေးရုံ ဆေးခန်းများ တွင် ဆေးကုသမှု ခံယူနိုင်ရန် စာချုပ်ဆေးရုံ၊ ဆေးခန်းစနစ် ဆောင်ရွက် နိုင်ရေး စီစဉ်လျက် ရှိကြောင်း သိရသည်။

နိုင်ငံတော်သည် စက်မှုဇုန် နှင့် ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက် ပေးလျက် ရှိရာ စက်ရုံ၊ အလုပ်ရုံ များ၏ အဓိက မောင်းနှင်အား ဖြစ်သည့် အလုပ်ရှင် နှင့် အလုပ်သမား များအတွက် အာမခံချက် အပြည့်ဖြင့် လုပ်ငန်း လုပ်ဆောင် နိုင်ရန် လူမှု ဖူလုံရေး ဥပဒေကို ဖြည့်ဆည်း ဆောင်ရွက် ပေးခြင်း ဖြစ်သည်။

သို့ဖြစ်ရာ အလုပ်ရှင်များ အတွက် လုပ်ငန်း အရှည်တည်၍ အလုပ်ခွင် သာယာရေး နှင့် အလုပ် သမားများ အတွက် ကျန်းမာရေး၊ လူမှုရေး၊ နေထိုင်ရေး ကိစ္စများ အတွက် အာမခံချက် ရှိရန် စိတ်ချမ်းမြေ့စွာ အလုပ်ခွင် ဝင်နိုင်ပြီး အခွင့်အလမ်းများ ဖန်တီး ပေးသည့် လူမှုဖူလုံရေး ဥပဒေနှင့် အညီ အလုပ်ရှင်၊ အလုပ်သမား အားလုံးက လူမှုဖူလုံရေး အသင်းဝင် ခြင်းဖြင့် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး၊ စက်မှု နိုင်ငံတော် ထူထောင်ရေး အားဖြည့် ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment