Pages

Tuesday, March 18, 2014

သဘောတူညီချက် မျိုးစေ့ကို ထိန်းသိမ်းစိုက်ပျိုးမှ အေးချမ်းဖွံ့ဖြိုးသော အသီးအပွင့် ရရှိမည်


သဘောတူညီချက် မျိုးစေ့ကို ထိန်းသိမ်းစိုက်ပျိုးမှ အေးချမ်းဖွံ့ဖြိုးသော အသီးအပွင့် ရရှိမည်

နိုင်ငံ တစ်နိုင်ငံ တည်ငြိမ် အေးချမ်း စွာဖြင့် ဖွံ့ဖြိုး တိုးတက်ရေး တွင် အစိုးရနှင့် ပြည်သူတို့သည် လည်းကောင်း၊ ပြည်သူနှင့် အင်စတီ ကျူးရှင်း တို့သည် လည်းကောင်း၊ နိုင်ငံသား တစ်ဦးနှင့် တစ်ဦး တို့သည် လည်းကောင်း အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေး သည် အရေးပါသော လိုအပ်ချက် တစ်ခု ဖြစ်သည်။ 

မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ဖြတ်သန်း ခဲ့ရသော အတွေ့အကြုံ များအရ မြန်မာ့ လူ့ အဖွဲ့အစည်း အတွင်း သံသယ များကြောင့် အချင်းချင်း ယုံကြည်မှု လျော့ပါး ခဲ့ရခြင်းကြောင့် ယနေ့ နိုင်ငံတော် အစိုးရက အကောင် အထည်ဖော် နေသော နိုင်ငံရေး အပြောင်းအလဲ များနှင့် အမျိုးသား နိုင်ငံရေး ဖြစ်စဉ် သစ်များ တိုးတက်မှု ရရှိစေရန် ဖန်တီးရာတွင် ယင်းအချက်က စိန်ခေါ်မှု တစ်ခု အနေဖြင့် တည်ရှိ နေဆဲပင် ဖြစ်သည်။ တိုင်းရင်းသား ပြည်သူအားလုံး လိုလား တောင့်တ နေကြသည့် တည်ငြိမ် အေးချမ်း၍ တရားဥပဒေ စိုးမိုးမှုရှိသော လူ့ အဖွဲ့အစည်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေး သည် အဓိက လိုအပ်ချက် ဖြစ်သည်။

ထို့ကြောင့် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်း ဆောင်ရွက် ခဲ့ရာ ယနေ့ဆိုလျှင် အဖွဲ့ ၁၆ ဖွဲ့ အနက် ၁၄ ဖွဲ့နှင့် သဘော တူညီချက် အချို့ကို လက်မှတ် ရေးထိုး နိုင်ခဲ့ပြီ ဖြစ်သည်။ တစ်ပြည်လုံး အတိုင်းအတာ နှင့် အပစ်အခတ် ရပ်စဲပြီး နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်လက် ဆောင်ရွက် နိုင်ရန် အတွက် တစ်ပြည်လုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘော တူညီချက် လက်မှတ် ရေးထိုးနိုင်ရန် လိုင်ဇာ ကွန်ဖရင့် နှင့် လော်ခီးလာ ကွန်ဖရင့် များ ကျင်းပရန် တိုင်းရင်းသားများ အားလုံး ကြိုးပမ်း ဆောင်ရွက် နေမှုသည် ငြိမ်းချမ်းရေး အတွက် အားတက်ဖွယ် ပင်ဖြစ်သည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် မတ် ၁၆ ရက်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိစဉ် မြို့တော်ခန်းမ ၌ တိုင်းရင်းသား ပြည်သူများ နှင့် ရင်းရင်း နှီးနှီး တွေ့ဆုံ အမှာစကား ပြောကြားရာ၌ '' ကချင်ပြည်နယ် နှင့် ပတ်သက်ပြီး ပြီးခဲ့သည့် နှစ်များ အတွင်းက တိုက်ပွဲများ ပြန်လည် ဖြစ်ပွား ခဲ့သည့် အတွက် တပ်မတော်၊ ကေအိုင်အို၊ ကေအိုင်အေ နှင့် ပြည်သူများ အားလုံး ထိခိုက် ဆုံးရှုံး ခဲ့ရကြောင်း၊ မည်သည့်ဘက် မှ ထိခိုက် ဆုံးရှုံးသည် ဖြစ်စေ ထိုသို့ ဆုံးရှုံးခြင်း သည် တိုင်းပြည် အတွက် ဆုံးရှုံး ရခြင်းပင် ဖြစ်ကြောင်း၊ နိုင်ငံ အကြီးအကဲ ဖြစ်သည့် မိမိအနေဖြင့် အားလုံး အတွက် ဝမ်းနည်း ကြေကွဲခဲ့ ရပါကြောင်း၊ ထိုဖြစ်စဉ် များနှင့် ပတ်သက်ပြီး မည်သူ မှန်သည်၊ မည်သူ မှားသည် ဆိုပြီး ပြစ်တင် ရှုတ်ချမည့်အစား ထို ဝမ်းနည်း ကြေကွဲဖွယ်ရာ ဖြစ်ရပ်များကို သင်ခန်းစာ ယူပြီး နှစ်ဦးနှစ်ဖက် မည်ကဲ့သို့ ဖြေရှင်း ဆောင်ရွက်မည် ဆိုသည့် နည်းလမ်းကို အဓိကထား ရှာဖွေကြဖို့ တိုက်တွန်း လိုကြောင်း၊ တစ်ဖက်နှင့် တစ်ဖက် အမှားအမှန် အငြင်းပွားခြင်း၊ ပြစ်တင် ရှုတ်ချခြင်း များသည် လက်ရှိ ရင်ဆိုင် နေရသည့် ပြဿနာကို ဖြေရှင်းရာ မရောက်ဘဲ ဆိုးကျိုးများ ကိုသာ ပေါ်ပေါက် စေမှာ ဖြစ်ကြောင်း ... '' သမိုင်း သင်ခန်းစာများ အရ ဝမ်းနည်း ကြေကွဲဖွယ်ရာ အဖြစ်များ ထပ်မံ မဖြစ်ပွား စေလိုသော စေတနာဖြင့် ပြောကြား ခဲ့သည်။

ငြိမ်းချမ်းရေး သည် တစ်ဖက်သတ် ဆောင်ရွက်၍ မရနိုင်ကြောင်း နိုင်ငံတော် သမ္မတ က ပြောကြား ရာ၌ '' ငြိမ်းချမ်းရေး ဆောင်ရွက် ရာတွင် နှစ်ဦးနှစ်ဖက် အပစ်အခတ် ရပ်စဲရုံနှင့် မပြီးဘဲ နိုင်ငံရေး နည်းလမ်းဖြင့် အဖြေရှာရန်၊ နိုင်ငံရေး ဆွေးနွေးပွဲ များ ပြုလုပ်ပြီး ကချင်ပြည်နယ် လူထုနှင့် မိမိတို့ အားလုံး လိုလားလျက် ရှိသည့် စစ်မှန်သော ထာဝရ ငြိမ်းချမ်းရေး ကို ဖော်ဆောင်ရန် သန္နိဋ္ဌာန် ထားကြောင်း၊ တပ်မတော် အနေဖြင့်လည်း အဆိုပါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အပေါ် နိုင်ငံတော်အစိုးရနှင့် တစ်သားတည်း ရှိပြီး ဟန်ချက် ညီညီ အကောင် အထည်ဖော်ရန် ကြိုးပမ်း ဆောင်ရွက် နေကြောင်း'' တို့ကို ရှင်းလင်း ပြောကြား ခဲ့သည်။

သို့ဖြစ်၍ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များမှ ရရှိခဲ့သော သဘော တူညီချက် မျိုးစေ့ကို အလေးထား ထိန်းသိမ်း စောင့်ရှောက် စိုက်ပျိုးပါမှ တည်ငြိမ် အေးချမ်းမှု နှင့် ဖွံ့ဖြိုး တိုးတက်မှု အသီးအပွင့် တို့ကို ရရှိနိုင်မည် ဖြစ်သည်ကို ငြိမ်းချမ်းရေး လိုလားသူ အားလုံး အထူး ဂရုပြု ကြရမည် ဖြစ်ပါကြောင်း။ ။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment