Pages

Thursday, March 20, 2014

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ဖွံ့ဖြိုးရေး ၀ိုင်းဝန်း ကြိုးပမ်း


ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ဖွံ့ဖြိုးရေး ၀ိုင်းဝန်း ကြိုးပမ်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် နဝမ ပုံမှန် အစည်းအဝေး (၂၅) ရက်မြောက်နေ့ ကို မတ် ၁၄ ရက်တွင် ကျင်းပခဲ့ရာ ပြည်သူ့ လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီနှင့် ပညာရေး ဝန်ကြီးဌာန တို့က အမျိုးသား ပညာရေး ဥပဒေကြမ်းကို တင်သွင်း ခဲ့ကြသည်။

နိုင်ငံတော်၏ ပညာရေး စနစ်သည် ပါတီစုံ ဒီမိုကရေစီ စနစ်နှင့် အညီ အစိုးရ ကျောင်းများ နှင့်အတူ ပုဂ္ဂလိက ကျောင်းများ ကိုလည်း ဖွင့်လှစ် သင်ကြားခွင့် ပြုခဲ့ပြီ ဖြစ်သည်။ ဆက်လက်၍ ပုဂ္ဂလိကပိုင် ကျောင်းများ၊ ပုဂ္ဂလိကပိုင် တက္ကသိုလ် နှင့် ကောလိပ်များ၊ သင်တန်း ဌာနများ ပေါ်ထွန်း လာမည် ဖြစ်သည်။ ပုဂ္ဂလိကပိုင် ပညာသင် ဌာနများ တည်ရှိရာ ဒေသတွင် လူနေမှုစနစ် တိုးတက် လာစေရေး၊ စီးပွားရေး တိုးတက် လာစေရေး တို့အတွက် သုတေသန လုပ်ငန်းများ ဆောင်ရွက် နိုင်သော ကျောင်းနှင့် တက္ကသိုလ်များ ဖြစ်ပေါ် လာစေရန် နိုင်ငံတော်က ဆောင်ရွက် လျက်ရှိရာ ပညာရေး ဥပဒေ များအား ပြင်ဆင် ပြဋ္ဌာန်းရန် လိုအပ် နေပြီဖြစ်သည်။ ထို့ကြောင့် နိုင်ငံသားတိုင်း ပညာ သင်ကြားခွင့် ရရှိရေး၊ ဘက်စုံ ထူးချွန်သည့် နိုင်ငံ သားကောင်းများ မွေးထုတ် နိုင်ရေး၊ ခေတ်မီ ပညာရေး စနစ် ဖော်ဆောင် နိုင်ရေး၊ တီထွင် ကြံဆ သုတေသန ပြုနိုင်ရေး နှင့် လူသား အရင်းအမြစ် ဖွံ့ဖြိုးရေး တို့အတွက် လိုအပ်ခြင်း တို့ကြောင့် ပြည်သူ့ လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီက ပညာရေး ဥပဒေကြမ်း  တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ပညာရေး ဝန်ကြီးဌာန သည် အခြေခံ ပညာကဏ္ဍ နှင့် အဆင့်မြင့် ပညာကဏ္ဍ တို့တွင် ဘက်စုံ ပညာရည် ထူးချွန်သော ကျောင်းသား၊ ကျောင်းသူများ မွေးထုတ် ပေးနိုင်ရေး ဆောင်ရွက် ရာတွင် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများ ကလည်း တစ်ဖက် တစ်လမ်း အထောက်အကူ ပြုလျက် ရှိသည်။

သာသနာရေး ဝန်ကြီးဌာန သာသနာတော် ထွန်းကား ပြန့်ပွားရေး ဦးစီးဌာန ဘုန်းတော်ကြီး ကျောင်းပညာ သင်ကြားမှု (ဗဟို) ကြီးကြပ်ရေး အဖွဲ့၏ အကြိမ် (၂ဝ) မြောက် အစည်းအဝေး ကို ရန်ကုန်မြို့ ကမ္ဘာအေး ကုန်းမြေရှိ နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ် (ရန်ကုန်) ဘွဲ့နှင်း ဓမ္မာရုံ၌ ၂ဝ၁၃ ခုနှစ် ဇူလိုင် ၁၁ ရက် က ကျင်းပခဲ့သည်။ ပြည်ထောင်စု ဝန်ကြီးက ကြွရောက် တော်မူကြသော ဆရာတော် ကြီးများ လျှောက်ထား ရာတွင် ''ဆင်းရဲ ချမ်းသာ လူတန်းစား မရွေး အကျင့်စာရိတ္တ ကောင်းမွန်သော စာပေ အသိပညာ၊ အတတ်ပညာ တို့တွင် ထူးချွန်သော လူကောင်း လူတော် ကလေးများ ဖြစ်အောင် ပြုစု ပျိုးထောင် ပေးခြင်းဖြင့် လူတိုင်းပညာ သင်ယူခွင့် ရရှိရေးကို ဆောင်ရွက် ပေးနေသော ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းများအား အရေအတွက်မှ အရည်အချင်း သို့ ဖွံ့ဖြိုး တိုးတက် စေရေးအတွက် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက် ပေးတော်မူ ပါရန်နှင့် ယနေ့ ပညာခေတ် ၏ ပန်းတိုင်ကို တက်စုံ ရွက်ကုန်ဖွင့်၍ ဆောင်ရွက် ပေးကြပါရန် ရိုသေ လေးမြတ်စွာ ပန်ကြား အပ်ပါကြောင်း'' ဖြင့် လျှောက်ထား ခဲ့သည်။

ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများသည် ကလေး သူငယ်များ အား စာပေ သင်ယူ တတ်မြောက်ရေး အတွက်သာ မဟုတ်ဘဲ လောကီရေးရာ၊ လောကုတ္တရာ ရေးရာများတွင် လိုက်နာ ကျင့်ကြံ တတ်စေရန် နှင့် ယဉ်ကျေးမှု အမွေအနှစ် များကို ထိန်းသိမ်း စောင့်ရှောက် ရမည်ဟူသော သန္နိဋ္ဌာန် ခိုင်မြဲသူများ ဖြစ်စေရန် မွေးထုတ် ပေးသော နေရာအဖြစ် အစဉ်အဆက် က တည်ရှိ ခဲ့ကြသည်။ 

သို့ဖြစ်၍ အခြေခံ ပညာကဏ္ဍ၏ အထောက်အပံ့ အဖြစ် လူတိုင်း ပညာသင်ယူ နိုင်ခွင့် ရရှိရေးကို ဆောင်ရွက် ပေးသော ဘုန်းတော်ကြီး သင် ပညာရေး ကျောင်းများ ဖွံ့ဖြိုးရေး အတွက် ဆရာဒကာ ညီညာစွာ ဝိုင်းဝန်း ကြိုးပမ်း အားထုတ် ကြရမည် ဖြစ်ပေသည်။ ။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment