Pages

Monday, March 31, 2014

ပြဒါးကင်းစင်သော ကျန်းမာရေး စောင့်ရှောက်မှု ပညာပေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်


ပြဒါးကင်းစင်သော ကျန်းမာရေး စောင့်ရှောက်မှု ပညာပေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်

သက်ရှိ သတ္တဝါတို့၏ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက် စေနိုင်ပြီး လူသားများအား ဓာတုဆိုင်ရာ အဆိပ်သင့် စေသည့် ဓာတ်ပစ္စည်း များမှ ပြဒါးသည် လူတို့နှင့် အနီးကပ် ရှိသော အန္တရာယ် တစ်ခုဖြစ်သည်။ လူသားတို့ ကျန်းမာရေး စောင့်ရှောက်မှု အတွက် အဖျားတိုင်း သာမိုမီတာ နှင့် သွေးပေါင်ချိန်တိုင်း ကိရိယာတို့သည် ပြဒါးကို အသုံးပြု ထားကြသည်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးသည် ပြဒါးပါသော သာမိုမီတာ နှင့် သွေးပေါင်ချိန်တိုင်း ကိရိယာ များကို ပြဒါး ကင်းသော ပစ္စည်း ကိရိယာ များဖြင့် အစားထိုး အသုံးပြုရေး၊ ပြဒါး ပါဝင်သော အရေပြား သန့်စင်ဆေး နှင့် အသားဖြူ စေရန် လိမ်းသော ဆေးများ ထုတ်လုပ် သုံးစွဲမှု ရပ်တန့်ရေး၊ သတ္တု တူးဖော်ရေး လုပ်ငန်းများတွင် ပြဒါး အသုံးပြုမှုကြောင့် ကျန်းမာရေး ထိခိုက်မှုများ ပညာပေးရေး၊ သွားပိုးစားသော အခေါင်းပေါက် များဖာထေး ရာတွင် အသုံးပြုသော ပြဒါးပါဝင်သည့် ပစ္စည်းများသုံးစွဲမှုလျှော့ချရေးတို့ကို ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် ပညာပေး လုပ်ငန်းများ ဆောင်ရွက် သွားမည် ဖြစ်သည်။

ပြဒါးသည် အငွေ့ပျံနိုင်ပြီး လေထုထဲတွင် ပျံ့နှံ့သွားပြီး နှစ်ပေါင်း ကြာရှည်စွာ တည်ရှိနေကာ လူသားနှင့် တိရစ္ဆာန် တို့၏ ဂေဟစနစ် အတွင်း စုပြုံ အနည်ကျမှု ကို တွေ့နိုင်သည်။ ရေထဲသို့ ရောက်သွားသော ပြဒါးသည် ငါးများ၏ ခန္ဓာကိုယ် အတွင်း စုပြုံ ရောက်ရှိ သွားကာ ထိုငါးကို စားသုံးမိသူ အတွက် ပြဒါးဆိပ် သင့်သည့် အန္တရာယ်နှင့် ကြုံတွေ့ ရတော့သည်။ ပြဒါးသည် လူတို့၏ ဦးနှောက် အာရုံကြောကို ထိခိုက် ပျက်စီးစေတတ် သည့်အပြင် ကျောက်ကပ်နှင့် အစာအိမ် လမ်းကြောင်း တို့ကိုလည်း ပျက်စီး စေနိုင်သည်။ ကမ္ဘာ့ ကုလသမဂ္ဂ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်၏ ခန့်မှန်းချက် အရ ကမ္ဘာ့နိုင်ငံ များ၌ သွားဘက် ဆိုင်ရာ လုပ်ငန်းများ က အသုံးပြုသည့် ပစ္စည်းများ တွင် ပြဒါး တန်ချိန်ပေါင်း ၂၄ဝ မှ ၃ဝဝ အထိ ပါဝင်ကြောင်း သိရသည်။ ပြဒါးသည် လူအများ၏ ကျန်းမာရေးကို အန္တရာယ် ပြုသည့် ဓာတုပစ္စည်း ၁ဝ မျိုးတွင် အပါအဝင် ဖြစ်ပြီး လူတို့၏ အသိဉာဏ် ဖွံ့ဖြိုးမှု အပါအဝင် ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက် စေနိုင်ခြင်း ကြောင့် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး အနေဖြင့် ပြဒါး ကင်းစင်သော ကျန်းမာရေး စောင့်ရှောက်မှု (၂ဝ၂ဝ) လှုပ်ရှားမှုကို စတင် ဆောင်ရွက် နေပြီ ဖြစ်သည်။

သို့ဖြစ်၍ ပြဒါး ကင်းစင်သော ကျန်းမာရေး စောင့်ရှောက်မှုကို ပြည်သူများ အားလုံး ကျယ်ကျယ် ပြန့်ပြန့် နားလည် စေသော ပညာပေးရေး လုပ်ငန်းများတွင် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးနှင့် ပူးပေါင်း ကြိုးပမ်း ဆောင်ရွက် ကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။ ။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment