Pages

Friday, February 21, 2014

နိုင်ငံ့ပုံရိပ် အမြင်တင့်စေရန်


နိုင်ငံ့ပုံရိပ် အမြင်တင့်စေရန်

ကမ္ဘာ့ နိုင်ငံအသီးသီး ထဲတွင် ခရီး သွားလာရန် အကောင်းဆုံး နိုင်ငံများ ဆုရွေးချယ် ရာတွင် မြန်မာနိုင်ငံ သည် ၉၆ ဒသမ ၉၈ ရာခိုင်နှုန်း ဖြင့် နံပါတ်တစ် နေရာ ချိတ်ခဲ့ကြောင်း ဥရောပ နိုင်ငံထုတ် ခရီးသွား မဂ္ဂဇင်း၏ Wanderlust Travel Awards 2013 စာရင်းအရ သိရသည်။ 

မြန်မာနိုင်ငံ သည် ဘုရား စေတီပုထိုး များ ပေါများခြင်း၊ ပုဂံဒေသ၏ ရှေးဟောင်း သမိုင်းဝင် ဘုရားများ၊ ရှမ်းပြည်နယ် အင်းလေးကန် ဒေသ လူနေမှု စရိုက်များ၊ ရန်ကုန် မြို့ပေါ်ရှိ ကိုလိုနီ ခေတ်ဟောင်း အဆောက်အအုံ များ၊ ဧရာဝတီမြစ် အလှ ရှုခင်းများ၊ မန္တလေး ဒေသ ရှေးဟောင်း အမွေအနှစ် လက်ရာများ၊ ရိုးရာ လုပ်ငန်းများ က ခရီးသွား တို့ကို ဆွဲဆောင် စေနိုင် သောကြောင့် အမှတ် အများဆုံး ရကာ နံပါတ်တစ် ချိတ်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ခရီးသွား မဂ္ဂဇင်း အင်တာနက် စာမျက်နှာ တွင် ဖော်ပြ ထားသည်။

ဤသို့လျှင် နိုင်ငံတကာ ခရီးသွားတို့ စိတ်ဝင်တစား လာရောက် နေချိန်တွင် ယဉ်ကျေးမှု မြို့တော် ဟု တင်စား ခေါ်ဝေါ် နေရသည့် မန္တလေးမြို့ နှင့် မြန်မာနိုင်ငံ ရှိ မြို့ကြီး များတွင် မြန်မာ့အမြင် နှင့် မတင့်တယ်သည့် ယဉ်ကျေးမှု နှင့် ဆန့်ကျင်သည့် မြန်မာ အမျိုးသမီး တို့၏ ဝတ်စား ဆင်ယင်မှုသည် ရုပ်ဆိုး အကျည်းတန် သည့် မြင်ကွင်း ဖြစ်နေသည်ကို ဘဝင်မကျ စရာ တွေ့နေ ရသည်။

ယနေ့ မြန်မာ အမျိုးသမီးငယ် တော်တော်များများ ဝတ်စား ဆင်ယင် နေကြသည်မှာ ပေါ်မှ ဖော်မှ လှသည်ဟု ခေတ်မီသည်ဟု ယူဆ နေကြဟန် ရှိသည်။ ရိုးရာ ရင်ဖုံး၊ ရင်စေ့ ချည်ထည် အမျိုးမျိုးကို ဝတ်ဆင်၍ ပွဲတက် အခမ်းအနား များတွင် လှလှပပ ဝတ်ဆင် ပွဲတက် နိုင်ပါသည်။ ယခုအခါ မင်္ဂလာပွဲ၊ အလှူပွဲ များ၌ပင် ဘောင်းဘီတို၊ စကတ်တို၊ ရင်ဟိုက် နှင့် ကာလသား အကြိုက် ပွဲတက် ဝတ်ဆင် လာခြင်းသည် မိမိတို့၏ အလှအပကို တန်ဖိုးချ သကဲ့သို့ ဖြစ်နေ ပေသည်။

လူမျိုး အသီးသီးတွင် ရိုးရာဝတ်စုံ အသီးသီး ရှိသည်။ အမြတ်တနိုး တန်ဖိုးထား၍ ဝတ်ဆင် ကြသည်။ ထို့အတူ မြန်မာ တိုင်းရင်းဖွား အမျိုးသမီးငယ် တို့အတွက် ရိုးရာဝတ်စုံ များရှိသည်။ ထိုဝတ်စုံ များကို တန်ဖိုးထား ဝတ်ဆင် သင့်သည်။ ထို့အတူ တေးဂီတ တွင်လည်း ရိုးရာသံ ပျောက်၍ အနောက်ဟန် အသံများ လွှမ်းမိုး လာနေသည်ကို တွေ့ရသည်။ မြန်မာသံ၊ မြန်မာ့ဂီတ မှာ ခပ်ပါးပါး သာ တွေ့နေ ရသည်။

နိုင်ငံတကာ ခရီးသွား တို့က မြန်မာ့ဂီတ၊ မြန်မာ့ ယဉ်ကျေးမှု၊ မြန်မာ့အလှ ကို တန်ဖိုးထား လေ့လာ၍ မြန်မာ့ဂုဏ်ကို ချီးကျူး နေချိန်တွင် မြန်မာ အမျိုးသား၊ အမျိုးသမီး ငယ်တို့ အနေဖြင့်လည်း အမျိုးဂုဏ် တက်စေရန်၊ အမျိုးဂုဏ် မပျက်စေရန် မိမိတို့၏ ရိုးရာ ယဉ်ကျေးမှုကို အရိုးကို အရွက်မဖုံး ခေတ်မီသော ဝတ်စား ဆင်ယင်မှု၊ လူနေမှု ဘဝကို ဖော်ဆောင် နိုင်ရန် ကြိုးစား သင့်သည်။

သို့ဖြစ်ရာ ယနေ့ လူငယ်များ ခေတ်ပေါ် သီချင်းများ အပေါ် စီးမျော ကြရာတွင် မြန်မာ့ဂီတ၊ မြန်မာ့အလှ များကို လေ့လာ ဆည်းပူး ကြရန်နှင့် နိုင်ငံတကာ အလယ်တွင် မြန်မာ့ရိုးရာ အမွေအနှစ် များအဖြစ် ရိုးရာဝတ်စုံ နှင့် ရိုးရာဂီတ ကို ပြန်လည် ပုံဖော်၍ ဘိုးဘွား အမွေအနှစ် ယဉ်ကျေးမှုကို ချစ်ခင် မြတ်နိုးမှုဖြင့် အနာဂတ် နိုင်ငံတော်၏ ပုံရိပ် အမြင်တင့် စေရန် ဆောင်ရွက် သွားသင့် ကြောင်း အကြံပြု ရေးသား လိုက်ရ ပေသည်။

( ၂၁-၂-၂၀၁၄ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment