Pages

Wednesday, February 12, 2014

ပြည်ထောင်စုနှလုံးသား ဖြင့် နိုင်ငံတော်ကို တည်ဆောက်


ပြည်ထောင်စုနှလုံးသား ဖြင့် နိုင်ငံတော်ကို တည်ဆောက်

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်ကြီး အတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်များ ၌ တိုင်းရင်းသား လူမျိုး တစ်ရာကျော် တို့သည် ရှေးနှစ်ပေါင်း များစွာ ကပင် အေးအတူ ပူအမျှ နေလာခဲ့ ကြသည်။ ပြည်ထောင်စု ဟူသည် တိုင်းဒေသကြီး များနှင့် ပြည်နယ်များ ကိုပေါင်းစည်း၍ ဗဟို အာဏာပိုင် အဖွဲ့က စီမံ ခန့်ခွဲသည့် နိုင်ငံဟု အဓိပ္ပာယ် ဖွင့်ဆိုထားရာ တိုင်းဒေသကြီး (၇)ခုနှင့် ပြည်နယ် (၇)ခု တို့ကို ပေါင်းစည်း၍ တိုင်းရင်းသား ပြည်သူတို့၏ ရေးရာများကို ပြည်ထောင်စု လွှတ်တော် ဥပဒေများ ပြဋ္ဌာန်းပြီး စီမံခန့်ခွဲသော စနစ်ကို ဖော်ဆောင်လျက် ရှိသည်။

ပြည်ထောင်စု လွှတ်တော်က ဥပဒေများ ပြဋ္ဌာန်းရာတွင် ပြည်သူ့ ကိုယ်စားလှယ် များက အဆို တင်သွင်းခြင်း နှင့် ထောက်ခံ ဆွေးနွေးခြင်း များကို ပြည်ထောင်စု လွှတ်တော် နာယကက အတည်ပြု၍ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ဘာသာရပ် အလိုက် ကျွမ်းကျင်သော ပညာရှင်များ၊ ဥပဒေ ပညာရှင်များ နှင့် သက်ဆိုင်ရာ ပြည်ထောင်စု အဆင့် ဝန်ကြီးဌာန များမှ ကိုယ်စားလှယ် များပါဝင်သော ကော်မရှင် နှင့် ကော်မတီများ ဖွဲ့စည်းပြီး ဥပဒေ ကြမ်းများ ပြုစုခြင်း၊ ဥပဒေကြမ်း သည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ကိုက်ညီမှု ရှိ၊ မရှိ၊ ပြည်သူ အများစု အတွက် အကျိုးပြုနိုင်၊ မပြုနိုင်တို့ကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် များက ဆွေးနွေးခြင်း၊ ဥပဒေကြမ်း ကို ပြည်သူများ သို့ချပြပြီး အကြံဉာဏ် ရယူခြင်း လုပ်ငန်းစဉ် များဖြင့် ဆောင်ရွက်လျက် ရှိရာ ဥပဒေပြုရေး တွင် ပြည်သူ အားလုံး ပါဝင်နိုင်သည့် စနစ်ကို ကျင့်သုံးလျက် ရှိသည်။

အုပ်ချုပ်ရေး ဆိုင်ရာ စီမံခန့်ခွဲမှုမှာ ပြည်ထောင်စု အဆင့်၊ တိုင်းဒေသကြီး နှင့် ပြည်နယ် တို့က အဆင့်ဆင့် ပြည်သူ့ အခြေပြု အုပ်ချုပ်ရေး စနစ်ကို ဖော်ဆောင်လျက် ရှိသည်။ တရား စီရင်ရေးတွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေ ပြဋ္ဌာန်းချက် များနှင့် အညီ တရားစီရင်ရေး ဆိုင်ရာ မူဝါဒများကို အလေးထား လိုက်နာ၍ လွတ်လပ်စွာ တရားစီရင် သည့်မူကို ကျင့်သုံးလျက် ရှိပြီး နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၉၃(က) အရ ပြည်ထောင်စု တရား လွှတ်တော်ချုပ်၊ တိုင်းဒေသကြီး တရား လွှတ်တော်များ၊ ပြည်နယ် တရား လွှတ်တော်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံးများ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ တရားရုံးများ၊ ခရိုင် တရားရုံးများ၊ မြို့နယ် တရားရုံးများ နှင့် ဥပဒေအရ တည်ထောင်သော အခြား တရားရုံးများ၊ ပုဒ်မ ၂၉၃(ခ) အရ စစ်ဘက်ဆိုင်ရာ တရားရုံးများ နှင့် ပုဒ်မ ၂၉၃(ဂ) အရ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးဟူ၍ အသီးသီး ဖွဲ့စည်း ဆောင်ရွက်လျက် ရှိသည်။

ဤသည်တို့မှာ အချုပ်အခြာ အာဏာပိုင် လွတ်လပ်သည့် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အတွင်း စုပေါင်း နေထိုင်ကြသော တိုင်းရင်းသား ပြည်သူတို့ အတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နှင့် တရား စီရင်ရေး တို့တွင် အားလုံး ပါဝင်နိုင်ခွင့် နှင့် ပွင့်လင်း မြင်သာမှု ရှိသော အခွင့်အလမ်း များပင် ဖြစ်သည်။

လူတစ်ဦး၏ ခန္ဓာကိုယ် အစိတ်အပိုင်းများ လှုပ်ရှား နိုင်စေခြင်းငှာ နှလုံးမှ ဖြာထွက် လာသော သွေးလွှတ်ကြော ကလေးများက အဓိက ဖြစ်သည်။ လူတစ်ဦး၏ စိတ်ခံစားမှု အမျိုးမျိုး တို့၏ အချက်အချာ သည်လည်း နှလုံးသားပင် ဖြစ်သည်။ နှလုံးလှုပ်ရှားမှု ရပ်သွားသော် လူ့ဘဝ ချုပ်ငြိမ်းသွား ရသည်။

နိုင်ငံတစ်နိုင်ငံ ၏ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး အတွက် နိုင်ငံရေး အင်အား၊ စီးပွားရေး အင်အား နှင့် ကာကွယ်ရေး အင်အားကြီး သုံးရပ် ဟန်ချက် ညီစွာ တောင့်တင်းခိုင်မာရေး အတွက် အဓိက လိုအပ်ချက်မှာ စစ်မှန်သော ပြည်ထောင်စု စိတ်ဓာတ် ဖြစ်သည်။

သို့ဖြစ်၍ ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သော (၆၇) နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက် များနှင့်အညီ နိုင်ငံတော်သစ် တည်ဆောက် ကြရာ၌ အဓိက ထားရှိကြ ရမည့် စစ်မှန်သော ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ကျရာ ကဏ္ဍမှ အသီးသီး ပါဝင်ကြ ပါရန် မြဝတီက တိုက်တွန်း နှိုးဆော်လိုက် ရပါသည်။ ။

( ၁၂-၂-၂၀၁၄ ရက် မြ၀တီနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment