Pages

Tuesday, February 11, 2014

ခွေးရူးရောဂါ သတိပြုပါ


ခွေးရူးရောဂါ သတိပြုပါ

မြန်မာနိုင်ငံ တွင် လူနှင့် အကျွမ်း အဝင်ဆုံး အိမ်မွေး တိရစ္ဆာန်မှာ ခွေး နှင့် ကြောင် ဖြစ်သည်။ ထိုသတ္တဝါ များကို တောရော မြို့ပါ နေအိမ် အများစု တို့၌ မွေးမြူလေ့ ရှိသည်။ ထိုခွေးနှင့် ကြောင်သည် လူတို့၏ အနီးစပ်ဆုံး သတ္တဝါများ ဖြစ်ပြီး ခွေးရူးရောဂါ ဖြစ်စေ နိုင်သည့် သတ္တဝါ များလည်း ဖြစ်သည်။

ခွေးရူးရောဂါ ဗိုင်းရပ်ပိုး ရှိသည့် ခွေး (သို့မဟုတ်) ကြောင် အကိုက်ခံ ရပါက ထိုသတ္တဝါ များမှ တစ်ဆင့် ဗိုင်းရပ်ပိုး ကူးစက်ခံ ရပြီး ခွေးရူးရောဂါ ဖြစ်ပွား၍ အသက် ဆုံးရှုံး နိုင်သည်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) ၏ ထုတ်ပြန်ချက် အရ ကမ္ဘာပေါ်တွင် ၁၅ မိနစ်လျှင် လူတစ်ဦးနှုန်း တစ်နှစ် လျှင် လူ ၅၅ဝဝဝ နှုန်း ခွေးရူးရောဂါ ဖြင့် အသက် ဆုံးရှုံးလျက် ရှိကြောင်း သိရသည်။ မွေးမြူရေး နှင့် ဆေးကုသရေး ဦးစီးဌာန ပညာရှင် တို့၏ တွက်ချက်မှု အရ မြန်မာနိုင်ငံ တွင် ခွေး ၇၅ ရာခိုင်နှုန်း ၌ ခွေးရူး ရောဂါပိုးများ တွေ့ရသည်ဟု ဆိုသည်။

ခွေးရူးရောဂါ သည် ကြောက်စရာ ကောင်းသည့် ရောဂါတစ်မျိုး ဖြစ်သည်။ ထိုရောဂါ သည် ရောဂါပိုး ရှိခွေး၊ ကြောင်တို့၏ အကိုက်ခံရလျှင် သော် လည်းကောင်း၊ လူတို့၏ အနာကို ခွေး၊ ကြောင် တို့၏ လျှာဖြင့် လျက်လျှင် သော် လည်းကောင်း၊ ထိုတိရစ္ဆာန် များ၏ သွားရည်များမှ တစ်ဆင့် လူကို ရောဂါကူးစက် နိုင်သည်။ အကယ်၍ ခွေး၊ ကြောင် ကိုက်ခံရပါက ကာကွယ်ဆေး နှင့် အဆိပ်ဖြေဆေး ကို နီးစပ်ရာ ဆေးခန်းတွင် အမြန်ဆုံး ဆေးထိုးရန် လိုအပ်သည်။

ခွေးရူးရောဂါ သည် ခြောက်ရက်မှ သုံးနှစ်အတွင်း ဖြစ်နိုင်ပြီး ခွေးရူးရောဂါ ကို ပျောက်ကင်း အောင် ကုသနိုင်သော ဆေး ကမ္ဘာပေါ်တွင် မရှိသေးဟု သိရသည်။ ခွေး (သို့မဟုတ်) ကြောင် ကိုက်ခံရစဉ် ပေါ့ပေါ့တန်တန် နေပြီး အချိန်ကြာမှ ခွေးရူးရောဂါ ရှိသည့် ခွေး၊ ကြောင် အကိုက်ခံ ရကြောင်း သိလျှင် ရောဂါကို ကုသနိုင်မှု မရှိဘဲ အသက် ဆုံးရှုံးနိုင် သည်။

ခွေးရူး ရောဂါဖြင့် အသက် ဆုံးရှုံးမှု မဖြစ်စေရန် အကောင်းဆုံး နည်းလမ်းမှာ ခွေး၊ ကြောင် အကိုက် မခံရအောင် နေထိုင်ခြင်း နှင့် အကယ်၍ အကိုက်ခံ ရပါက ကာကွယ်ဆေး ထိုးနှံခြင်းသာ ဖြစ်သည်။ ထို့ပြင် ခွေး၊ ကြောင် ချစ်၍ မွေးမြူသူများ အနေဖြင့်လည်း မိမိတို့ မွေးထားသည့် ခွေး၊ ကြောင်ကို ခွေးရူးရောဂါ ရှိ၊ မရှိ ကျွမ်းကျင်သူ တိရစ္ဆာန် ဆေးကု ဆရာဝန်များ နှင့် စစ်ဆေး ကုသမှုကို အစဉ် ပြုလုပ်ရန် လိုသည်။

အထူးသဖြင့် ပိုင်ရှင်မဲ့ ခွေးများ၊ လမ်းမများ ပေါ်တွင် ရှိနေတတ်သည့် ခွေးလေ၊ ခွေးလွင့်များ တိုးပွားခြင်း မရှိစေရန် ဝိုင်းဝန်း ထိန်းချုပ် သွားရမည် ဖြစ်ပြီး ခွေးလေ၊ ခွေးလွင့်များကို ထိန်းသိမ်း၍ ရောဂါရှိ၊ မရှိ စစ်ဆေးခြင်း၊ ကုသခြင်းများ ပြုလုပ် ထားသင့် သည်။ ထို့ပြင် မိမိတို့ မွေးမြူ ထားသည့် အနီးစပ်ဆုံး သော ခွေး၊ ကြောင် တို့၏ အခြေအနေကို သတိပြု စောင့်ကြည့်ရန် လည်း လိုအပ်သည်။

သို့ဖြစ်ရာ လက်ပံလည်းဖူး၊ ခွေးလည်းရူး ဟူသော ဆိုရိုးစကား နှင့်အညီ တပို့တွဲ၊ တပေါင်းလ တို့တွင် ဖြစ်ပွားလေ့ ရှိသော ခွေးရူးရောဂါ ဖြင့် အသက် ဆုံးရှုံးမှု မဖြစ်ပေါ် စေရန် ပြည်သူများ အနေဖြင့် အထူး ဂရုပြုသင့် ကြောင်း သတိပေး ရေးသား လိုက်ရ ပေသည်။

( ၁၁-၂-၂၀၁၄ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment