Pages

Tuesday, February 4, 2014

လူငယ် နှင့် နီတိ


လူငယ် နှင့် နီတိ

လူငယ် ဆိုသည်မှာ အနာဂတ်၏ သားကောင်း ရတနာများ ဖြစ်သည်။ အနာဂတ်ကို လူငယ်များက ပိုင်သည်။ အနာဂတ်၏ အကောင်း အဆိုးသည် လူငယ်များ၏ စွမ်းဆောင်ချက် ပေါ် မူတည် နေသည်။ အနာဂတ်ကို ဖန်တီးမည့် သူများသည် လူငယ်များ ဖြစ်သည်။ ထို့ကြောင့် လူငယ်များ အတွက် ကောင်းမွေကို ယနေ့ လူကြီးများက ဖန်တီး ပေးရမည် ဖြစ်သည်။

ယနေ့ လူငယ်များ၏ ရုပ်ပိုင်း ဆိုင်ရာ ၊ စိတ်ပိုင်း ဆိုင်ရာ မှန်ကန်စွာ ဖွံ့ဖြိုး တိုးတက်စေရန် ယနေ့ လူကြီးများက ဖန်တီး ပေးကြရမည် ဖြစ်သည်။ လူငယ်တို့သည် စိတ်အလို ပြည့်ဝမှု သက်သက်ကိုသာ ဦးစားပေး မက်မော နေခြင်းဖြင့် လောက အလှကို ဖန်တီးနိုင်မည် မဟုတ်ပေ။

လူငယ်တို့၏ စိတ်ကို သန့်ရှင်း စင်ကြယ် စေသော၊ စိတ်ကို ထိန်းသိမ်း နိုင်သော၊ အရာရာကို စိစစ်ဝေဖန် ပိုင်းခြား တတ်သော ကိုယ်ချင်းစာ စိတ်ရှိသော၊ မေတ္တာတရား ရှိသော စိတ်ကောင်း စိတ်မှန်များ ရှင်သန်စေရန် လေ့ကျင့် သင်ကြား ပေးခြင်းဖြင့်သာ လောက အလှကို ဖန်တီး နိုင်သည်။

လူငယ်တို့၏ ကာယ အလုပ် ဖြစ်စေ၊ စိတ်ပိုင်း ဆိုင်ရာ အလုပ်ဖြစ်စေ ရှေ့နောက် မှန်ကန် ညီညွတ်မှသာ လူ့လောက ကောင်းစားရေး ၏ တစ်နည်း ဆိုရသော် အနာဂတ် လှပရေး၏ ရည်ရွယ်ချက် များ အောင်မြင်မည် ဖြစ်သည်။ ထို့ကြောင့် လူငယ်များအား ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးစလုံး ကောင်းမွန် စေသည့် ပြည်သူ့နီတိ၊ လောကနီတိ နှင့် ဓမ္မနီတိ များကို စနစ်တကျ သင်ကြား ပေးရန် လိုသည်။

ယနေ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ကာလတွင် လူငယ် တို့သည် ဒီမိုကရေစီ မြတ်နိုး သူများ ဟု မိမိတို့ ကိုယ်ကို ယူဆလျက် စည်းကမ်းမဲ့ ပြုမူ ပြောဆို လုပ်ကိုင်မှုများ ရှိလာသည်ကို တွေ့ရသည်။

ဒီမိုကရေစီ ဟူသည် လွတ်လပ်စွာ ရေးသား၊ ပြောဆို၊ ပြုမူ နေထိုင်ရေးကို ဖော်ညွှန်း သော်လည်း စည်းကမ်းမဲ့စွာ မိမိလိုအင် ဆန္ဒ အတိုင်းသာ ပြုမူ၍ အများ၏ လွတ်လပ်မှု အခွင့်အရေး ကို ထိပါး စေသည့် ရေးသား၊ ပြောဆို လုပ်ကိုင်မှု များကို မဖော်ညွှန်း သည်ကို လူငယ်များ သတိပြု ရန်လိုသည်။

ဒီမိုကရေစီ၏ အနှစ်သာရ သည် စည်းကမ်း ရှိစွာ၊ တာဝန်သိစွာ ရေးသား၊ ပြောဆို၊ လုပ်ကိုင် ခြင်းသာ ဖြစ်၍ ထိုကဲ့သို့သော အလေ့အကျင့် များကို ဖော်ညွှန်းသည့် ပြည်သူ့နီတိ အလေ့ အကျင့်များ၊ လောကနီတိ၊ ဓမ္မနီတိ အတွေးအမြင် များကို ငယ်စဉ် ကာလမှစ၍ သင်ကြား ပေးရန် လိုသည်။

သို့ဖြစ်ရာ ယနေ့လူငယ် များသည် အနာဂတ်၏ အကောင်း အဆိုးကို ဖန်တီးမည့် သူများဖြစ်၍ အရိုးကို အရွက် မဖုံးသော၊ မြန်မာ့ဓလေ့ စရိုက်နှင့် ညီညွတ်သော၊ အတွေးအခေါ် မြင့်မားသော ဒီမိုကရေစီ ခေတ်၏ သားကောင်း ရတနာများ ဖြစ်လာစေရန် ယနေ့ကာလ မှစ၍ လောကနီတိ၊ ပြည်သူ့နီတိ နှင့် ဓမ္မနီတိ တို့ကို လူငယ်များ၏ နှလုံးသား၌ စွဲငြိ ရှင်သန်စေရန် သင်ကြား ပေးကြ ရမည် ဖြစ်ကြောင်း ရေးသား တင်ပြ လိုက်ရ ပေသည်။

( ၄-၂-၂၀၁၄ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment