Pages

Monday, February 3, 2014

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး ၀ိုင်းဝန်းကြိုးပမ်း


ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး ၀ိုင်းဝန်းကြိုးပမ်း

အယ်ဒီတာ့အာဘော်
( ၃-၂-၂၀၁၄ )

ကမ္ဘာလုံးဆိုင်ရာ ခရီးသွား လုပ်ငန်းအဖွဲ့ က ကောက်ယူ ခဲ့သော စစ်တမ်းများ အရ ၂ဝ၁၁ ခုနှစ် အတွင်းတွင် ကမ္ဘာလှည့် ခရီးသွားသူ ဦးရေသန်း ၉၈ဝ ရှိခဲ့ပြီး ၂ဝ၃ဝ ပြည့်နှစ်တွင် သန်း ၁၈ဝဝ အထိ တိုးတက် လာမည်ဟု ခန့် မှန်း ထားသည်။  ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းမှ ရရှိခဲ့သော ဝင်ငွေ ပမာဏမှာ အမေရိကန် ဒေါ်လာ ဘီလီယံ ၇ဝဝ ကျော် ရရှိခဲ့ပြီး အလုပ်အကိုင် ပေါင်း ၂၃၅ သန်း ဖန်တီး ပေးခဲ့ခြင်း ကြောင့် တစ်ကမ္ဘာလုံး GDP ၏ ၅ ရာခိုင်နှုန်း ပါဝင် ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ရေမြေ သဘာဝသည် ခရီးသွား လုပ်ငန်း အတွက် အထူး သင့်လျော်ပြီး သမိုင်း အမွေအနှစ်များ နှင့် သဘာဝ ရှုခင်း များကြောင့် သဘာဝ ခရီးသွား လုပ်ငန်း အတွက် ဆွဲဆောင်မှုများ ပင်ဖြစ်သည်။ မြန်မာနိုင်ငံ သည် ၂ဝ၁၂ ခုနှစ် ဇွန်လတွင် ကမ္ဘာ့ ကုလသမဂ္ဂ ခရီးသွား လုပ်ငန်း အဖွဲ့သို့ ဝင်ရောက် ခဲ့ပြီး ဖြစ်သည်။မြန်မာနိုင်ငံ အပါအဝင် မဟာ မဲခေါင်ဒေသခွဲ (GMS) အဖွဲ့ဝင် နိုင်ငံများသည် အရည်အသွေး ကောင်းမွန်သော ဒေသတွင်း ထုတ်ကုန် အမျိုးမျိုးကို အရေအတွက် များများ ထုတ်လုပ်၍ ကမ္ဘာလှည့် ခရီးသွား များအား ရောင်းချ ခြင်းဖြင့် အကျိုးအမြတ် ရရှိရေး ၊ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးရေး ကြိုးပမ်းမှု များ၌ မဟာ မဲခေါင်ဒေသခွဲ နိုင်ငံများ အချင်းချင်း ပေါင်းစပ် ဖြည့်ဆည်း ပေးရေး ရည်မှန်းချက်များ ချမှတ် ဖော်ဆောင်လျက် ရှိသည်။

မြန်မာနိုင်ငံ ဟိုတယ် နှင့် ခရီး သွားလာရေး လုပ်ငန်း ဝန်ကြီးဌာန သည် အာဆီယံ ခရီးသွား လုပ်ငန်း၊ မဟာ မဲခေါင်ဒေသခွဲ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးမှု အစီအစဉ် ဧရာဝတီ - ကျောက်ဖယား -မဲခေါင် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ၊ ကမ္ဘောဒီးယား ၊ လာအို ၊ မြန်မာ ၊ ဗီယက်နမ် ခရီးသွား လုပ်ငန်း ပူးပေါင်း ဆောင်ရွက်ရေး (CLMV) ၊ ကမ္ဘောဒီးယား ၊ လာအို ၊ မြန်မာ ၊ ထိုင်း ၊ ဗီယက်နမ် ခရီးသွား လုပ်ငန်း ပူးပေါင်း ဆောင်ရွက်မှု (CLMTV) ၊ အာရှနှင့် ပစိဖိတ်ဒေသ ခရီးသွား လုပ်ငန်းအဖွဲ့ (AFAS) အာဆီယံ ဝန်ဆောင်မှု နှင့် ကုန်သွယ်ရေး ဆိုင်ရာ သဘော တူညီချက် (င်္ဗဗှ) တို့နှင့် ဆက်စပ်၍ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးရေး ဆောင်ရွက်လျက် ရှိသည်။

ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ သည် မြန်မာနိုင်ငံ အတွင်းသို့ လာရောက် လည်ပတ် ကြရာ၌ ရန်ကုန်နှင့် မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်များမှ တစ်ဆင့် ဝင်ရောက်မှု များ ရှိသကဲ့သို့ အိမ်နီးချင်း နိုင်ငံများမှ တစ်ဆင့် ဝင်ရောက်မှု များလည်း ရှိသည်။ ၂ဝ၁၃ ခုနှစ်အတွင်းက မြန်မာနိုင်ငံ သို့ လာရောက် ခဲ့သည့် ကမ္ဘာလှည့် ခရီးသွား အရေအတွက် သည် ပျမ်းမျှ တစ်ရက်လျှင် ၁၉ဝဝ ကျော် ရှိကြောင်း သိရသည်။ ယခု အချိန်တွင် ပွင့်လင်း မြင်သာမှု ရှိလာသော မြန်မာနိုင်ငံ သို့ နိုင်ငံတကာမှ ခရီးသွား ဧည့်သည် ဝင်ရောက်မှု ပိုမို တိုးတက် များပြား လာလျက်ရှိရာ ၂ဝ၁၄ ခုနှစ်တွင် ပြည်ပ ခရီးသွား ဧည့်သည် သုံးသန်းကျော် လာရောက်မည် ဟု ခန့်မှန်း ထားသည်။ 

ကမ္ဘာ့နိုင်ငံများ တွင် ခရီးသွား လုပ်ငန်းသည် အလျင်အမြန် တိုးတက် နေသည့် စီးပွားရေး လုပ်ငန်း ဖြစ်သဖြင့် ဆင်းရဲမှု လျော့နည်း ပပျောက်ရေး အတွက် အရေးပါသော မီးခိုး မထွက်သည့် စက်ရုံဟူ၍ တင်စား ကြခြင်း ဖြစ်ရာ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးရေး ပြည်သူအားလုံး ဝိုင်းဝန်း ကြိုးပမ်း ကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။   ။

No comments:

Post a Comment