Pages

Tuesday, February 4, 2014

လှိုင်းကြီးလေထန် မဖြစ်စေရန် နည်းလမ်းမှန်ကိုရွေး


လှိုင်းကြီးလေထန် မဖြစ်စေရန် နည်းလမ်းမှန်ကိုရွေး

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် မိဘ ပြည်သူများ သို့ ဖေဖော်ဝါရီ ၁ ရက်တွင် ရေဒီယို မိန့်ခွန်း ပြောကြား ခဲ့သည်။ နိုင်ငံတော် သမ္မတက '' သမိုင်းကြောင်း နဲ့ချီတဲ့ လိုအပ်ချက်များ ရှိခဲ့တဲ့ လူ့ အဖွဲ့အစည်း တစ်ရပ်ကို မှန်ကန်တဲ့ ပြုပြင် ပြောင်းလဲရေးများ လုပ်ဆောင်တဲ့ အခါ ဖြည့်ဆည်း ရမယ့် ကွက်လပ်များ ၊ လိုအပ်ချက် များကို ရုတ်ခြည်း အဖြေထုတ်ရန် အပြော လွယ်သလောက် လက်တွေ့မှာ လုပ်ရတာ အလွန်ခက်ခဲ ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ လူ့ အဖွဲ့အစည်း ဆောင်ရွက်ရမယ့် နိုင်ငံရေး လုပ်ငန်းစဉ်များ ဟာ ရေဆန် ကူးရသကဲ့သို့ ခက်ခဲတဲ့ လုပ်ငန်းများကို လုပ်ဆောင် နေရတာ ဖြစ်ပါတယ်။ ဒီလုပ်ငန်း တွေဟာ စိန်ခေါ်မှု ကြီးမား သော်လည်း ကျွန်တော်တို့ အစိုးရ တာဝန် ယူချိန်မှာ အတတ်နိုင်ဆုံး ဖြေရှင်း ဆောင်ရွက် သွားမှာ ဖြစ်ပါတယ် ဟူ၍ လည်းကောင်း ၊ ယနေ့ မြန်မာ့ လူ့ အဖွဲ့အစည်း တည်ဆောက် လျက်ရှိတဲ့ နိုင်ငံရေး အခင်းအကျင်းသစ် တစ်ရပ် ပီပြင်စွာ ပေါ်ပေါက် လာရေးအတွက် ကြုံတွေ့ နေရတဲ့ အခက်အခဲများ ၊ အကျပ်အတည်း များနဲ့ စိန်ခေါ်မှု များကို အမြင် ကျယ်ကျယ် ၊ သဘောထား ကြီးကြီး ထားပြီး မိမိ ယုံကြည်တဲ့ နည်းလမ်းများနဲ့ ကြိုးပမ်း ရင်ဆိုင် ကျော်လွှား ကြဖို့ တိုက်တွန်း ပြောကြား လိုပါတယ် ဟူ၍ လည်းကောင်း '' ပြောကြား သွားသည်။

လူတို့၏ သမိုင်းကြောင်း ပြောင်းလဲ တိုးတက် လာခဲ့သည်နှင့် အမျှ မြန်မာ့ မြေပေါ်မှ တိုင်းရင်းသား လူမျိုး ၁ဝဝ ကျော် တို့သည်လည်း လိုက်ပါ ပြောင်းလဲ ခဲ့ကြပြီး မြို့ပြ နိုင်ငံငယ် ကလေးများကို စုပေါင်း၍ ပြည်ထောင်စု မြန်မာ နိုင်ငံတော်ကို ဖွဲ့စည်း တည်ထောင် ခဲ့ကြသည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် တိုင်းရင်းသား ညီအစ်ကိုများ တစ်စိတ် တစ်ဝမ်း တည်းသော ညီညွတ်မှု စွမ်းအား၏ အကျိုးဆက် အဖြစ် သမိုင်းဝင် ပင်လုံ စာချုပ်ကြီး ကို ချုပ်ဆို ခဲ့ကြပြီး ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်၍ အချုပ်အခြာ အာဏာပိုင် ပြည်ထောင်စု မြန်မာ နိုင်ငံတော် ဟူ၍ ဝင့်ထည်စွာ ရပ်တည် နိုင်ခဲ့သည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၏ စတုရန်း မိုင်ပေါင်း ၂၆ဝဝဝဝ ကျော် အတွင်း တိုင်းရင်းသား လူမျိုး ၁ဝဝ ကျော်တို့ စုပေါင်း နေထိုင် ခဲ့ကြသည်မှာ ယနေ့ဆိုလျှင် လူဦးရေသန်း ၇ဝ ရှိပြီ ဖြစ်သည်။ နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် နိုင်ငံသားများ ထံမှ ဆင်းသက် လာသည် ဖြစ်ရာ မြန်မာ ပြည်သူတို့က ရွေးကောက် တင်မြှောက် လိုက်သော ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် များက ခန့်အပ်သည့် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရသည် မြန်မာ့ လူ့အဖွဲ့အစည်း ဖွံ့ဖြိုး တိုးတက်ရေး နှင့် ငြိမ်းချမ်း သာယာရေး အတွက် နိုင်ငံရေး အခင်းအကျင်းသစ် တစ်ရပ် ပီပြင်စွာ ပေါ်ပေါက် လာရေး ကြိုးပမ်း ဖော်ဆောင်လျက် ရှိသည်။

လူတို့၏ နေ့စဉ် ဆောင်ရွက်မှု သည် ရည်ရွယ်ချက် ရှိသည် ဖြစ်စေ ၊ မရှိသည် ဖြစ်စေ နိုင်ငံရေးနှင့် ဆက်စပ် နေသည်။ စားဝတ် နေရေး အတွက် လှုပ်ရှား ရုန်းကန် နေခြင်းသည် နိုင်ငံ တစ်နိုင်ငံ၏ ထုတ်ကုန် ၊ ဝင်ငွေနှင့် သုံးငွေတို့ကို တွက်ချက် ရာတွင် ပါဝင်ရသည်။ လူမှုရေး ကိစ္စများ ဆောင်ရွက် နေခြင်းသည် နိုင်ငံ အတွင်းရှိ လူမှု အဖွဲ့အစည်း တိုးတက်ရေး အတွက် အထောက်အပံ့ ဖြစ်စေသည်။ စာပေရေးသား ၊ ဟောပြော ၊ ဆွေးနွေးခြင်း သည် လူသား အရင်းအမြစ် ဖွံ့ဖြိုးရေး ကို အထောက်အပံ့ ဖြစ်စေသည်။ ထို့ကြောင့် လူ တစ်ဦး တစ်ယောက်၏ နေ့စဉ် ဆောင်ရွက်မှု သည် နိုင်ငံရေးနှင့် ကင်းလွတ်သည် ဟူ၍ မရှိဘဲ နိုင်ငံ တစ်နိုင်ငံ၏ တိုးတက်ခြင်း ၊ ဆုတ်ယုတ်ခြင်း သည်လည်း ထိုနိုင်ငံ အတွင်း နေထိုင် ကြသော ပြည်သူတို့၏ နေ့စဉ် လုပ်ငန်း ဆောင်တာများ စုစည်းရာမှ ထွက်ပေါ် လာသော ရလဒ်ပေါ်တွင် တည်မှီသည်။

သို့ဖြစ်၍ တိုင်းရင်းသား ပြည်သူ အပေါင်းတို့သည် ဒီမိုကရေစီ ပန်းတိုင်သို့ လျှောက်လှမ်း ကြရာတွင် လှိုင်းကြီး လေထန် မဖြစ်စေရန် အားလုံး ပါဝင်သော နိုင်ငံရေး အခင်းအကျင်း သစ်နှင့် ညီညွတ်ခြင်း သည်သာ အင်အား ဆိုသော ယုံကြည်ချက်ဖြင့် မမှိတ်မသုန် လျှောက်လှမ်း ကြပါရန် မြဝတီက တိုက်တွန်း နှိုးဆော်လိုက် ပါသည်။ ။

( ၄-၂-၂၀၁၄ ရက် မြ၀တီနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment